ပခုက္ကူ ၁၀ မတ်
၂၀၁၅ ခုနှစ်အတွင်း ရေကြီးနစ်မြုပ်မှုဒဏ်၊ သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသည့် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် IRM အစီအစဉ်ဖြင့် ဝယ်ယူပေးခဲ့သည့် ရေစုပ်စက် (အင်ဂျင်နှင့် ပန့်) အစုံ(၂၀) လွှဲပြောင်းပေးအင်ပွဲ အခမ်းအနားကို မတ် ၉ ရက် မွန်းလွဲ ၁ နာရီခန့်က ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးကဏ္ဍအတွက် အသုံးပြုရန် ရေစုပ်စက် (အင်ဂျင်+ပန့်)နှင့် ဆက်စပ်ပစ္စည်းများကို ကမ္ဘာ့ဘဏ် IRM အစီအစဉ်ဖြင့် ပံ့ပိုးပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာများအနေဖြင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စနစ်တကျ ထိန်းသိမ်းသုံးစွဲကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးတွင်းများတွင် တပ်ဆင်အသုံးပြုနိုင်သည့် ရေစုပ်စက် (အင်ဂျင်+ ပန့်) နှင့် ဆက်စပ်ပစ္စည်းများကို ဝန်ကြီးချုပ် ဦးအောင်မိုးညို၊ ဝန်ကြီး ဦးဝင်းမော်ဌေးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရေစုပ်စက်နှင့် ဆက်စပ်ပစ္စည်းများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်၏ အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ နည်းလမ်း (IRM) အစီအစဉ်ဖြင့် ပခုက္ကူမြို့နယ်တွင် ၅ စုံနှင့် ရေစကြိုမြို့နယ်တွင် ၁၅ စုံ ပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။
“ရေစုပ်စက်ရတဲ့အတွက် အလွန်ဝမ်းသာတာပေါ့ဗျာ။ တစ်နှစ်မှ ဒါမျိုးတစ်ခါမှ မရဘူးတာဆိုတော့ အခုချိန်မှာ နိုင်ငံတော်က ပံ့ပိုးတာဆိုတော့ ဝမ်းသာတာပေါ့။ မုန်တိုင်းဖြစ်တာက ၂၀၁၅ ခုနှစ်ကဆိုတော့ နှစ်ကလည်းကြာတော့ မရတော့ဘူးလို့ တွက်ထားတာ။ ကျွန်တော်တို့ ကျွန်းထဲရွာတွေဆိုရင် ဒီစက်မျိုးမမြင်ဘူးသေးဘူး။ ဒီစက်က တောင်သူတွေ ရေသွင်းရေထုတ်သုံးရတဲ့ စက်ဖြစ်ပါတယ်။ မိုးများလာတဲ့အခါ စိုက်ခင်းတွေထဲ ရေဝင်ရင် ရေစုပ်ထုတ်ဖို့ သုံးရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးအတွက် သုံးမှာဖြစ်ပါတယ်။ အခုလို နိုင်ငံတော်က ပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟု ရေစကြိုမြို့နယ် မြေစွန်းတော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသန်းက ပြောသည်။
အဆိုပါအင်ဂျင်နှင့် ပန့်တစ်စုံ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၃၉၈ ဒသမ ၁၃)ဖြစ်ကြောင်း သိရသည်။
အိမွန်ဆွေ(ရေစကြို)


