တောင်ကြီး ၁၀ မတ်
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ရပ်စောက်မြို့နယ် ဖောင်းတောကျေးရွာအုပ်စု ဖောင်းတောနောင်ခမ်းဘုရား ဖြူလယ်တော်နောင်ဘို ကျေးရွာအုပ်များ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဖောင်းတောကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သော ရပ်စောက်မြို့နယ် ကျေးရွာ (၅)ရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းလတ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမောင်မောင်စိန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ "ဒို့ကျေးရွာမီးလင်းပြီ" ဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက အမှာစကားပြောကြားပြီး ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်လှိုင်ဝင်းမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ နောင်ဘိုကျေးရွာ၊ နောင်ခမ်းကျေးရွာ၊ ဖောင်းတောကျေးရွာမှ ရှမ်းရိုးရာအက၊ ဓနုရိုးရာအက၊ ပြည်ထောင်စု တိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


