နေပြည်တော် ၁၀ မတ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် အဆင့်မြင့် ရဲအရာရှိကြီး (၆) ဦးတို့အဖွဲ့သည် သြစတြေးလျ ပြည်ထောင်စုရဲအဖွဲ့ ရဲချုပ်၏ ဖိတ်ကြားချက်အရ မတ် ၃ ရက်မှ ၉ ရက်အထိ သြစတြေးလျနိုင်ငံသို့ အလုပ်သဘော ခရီးသွားရောက်ခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့်အဖွဲ့သည် မတ် ၄ ရက်တွင် ကင်ဘာရာမြို့ Australia Federal Police-AFP ဌာနချုပ် အစည်းအဝေးခန်းမ၌ သြစတြေးလျ ပြည်ထောင်စုရဲအဖွဲ့ ရဲချုပ် Police Commissioner, Andrew Colvin ၊ ဒုတိယရဲချုပ် Deputy Commissioner Scott Lee ၊ အဆင့်မြင့်ရဲအရာရဲကြီးများ ပါဝင်သောအဖွဲ့တို့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံရဲတပ်ဖွဲ့အကြား ချစ်ကြည်ရင်းနှီး မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကဏ္ဍတွင် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးနှင့် ဆိုက်ဘာမှုခင်းများ တိုက်ဖျက်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည် မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ မူဝါဒ/သဘောထားများ ဆွေးနွေးခဲ့ပါကြောင်း၊ ဆက်လက်၍ သြစတြေးလျ ပြည်ထောင်စုရဲအဖွဲ့ ဌာနချုပ်တွင် ဒုတိယရဲချုပ် Deputy Commissioner Scott Lee နှင့် အဆင့်မြင့် ရဲအရာရဲကြီးများနှင့် တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်မှုတွင် လက်တွေ့အကောင်အထည် ဖော်နိုင်မည့် နယ်ပယ်၊ အကူအညီပေးရေးဆိုင်ရာများ အသေးစိတ်ဆွေးနွေးခဲ့ပြီး မတ်လ ၅ ရက်၊ ၆ ရက်တွင် AFP မှုခင်းသိပ္ပံနှင့် စုံစမ်းစစ်ဆေးရေးဌာနချုပ်တွင် မှုခင်းနည်းပညာ ဓာတ်ခွဲခန်းများ၊ နယ်မြေ ရဲလုပ်ငန်းများ၊ မြို့တော်လုံခြုံရေးနှင့် မှုခင်းဆိုင်ရာဗဟိုဌာနများ၊ ရဲတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေး ဆောင်ရွက်မှုများကို လေ့လာကြည့်ရှုခဲ့သည်။
မတ် (၇) ရက်တွင် ကင်ဘာရာမြို့၊ သြစတြေးလျနယ်စပ်ဒေသရဲတပ်ဖွဲ့ဌာနချုပ် (Australia Border Force HQ) တွင် Commissioner Micheal Qutram နှင့်တွေ့ဆုံ၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ရေး၊ နည်းပညာအသုံးပြုမှုနှင့် ရေယာဉ်များ အကူအညီပေးရေး၊ ရေကြောင်းတရားဥပဒေစိုးမိုးရေးတို့ နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဆစ်ဒနီမြို့ သို့သွားရောက်၍ ဆစ်ဒနီအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေး၊ ခရီးသည်များနှင့် ပြည်ပ ဝင်/ထွက်မှုများ ရှာဖွေစစ်ဆေးခြင်း၊ သတင်းရယူခြင်း တို့နှင့်ပတ်သက်၍ လက်တွေ့ဆောင်ရွက်နေမှုများကို လေ့လာကြည့်ရှုခဲ့ပြီး ဌာနချုပ်ရုံးခွဲ (Sydeny) တွင် AFP နှင့် ABF တို့မှ တာဝန်ရှိသူ ရဲဘက်ဆိုင်ရာ အကြီးအကဲများတို့နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ သည်။ မတ် (၈) ရက်တွင် နယ်စပ်ဒေသရဲတပ်ဖွဲ့ ရေယာဉ်နှင့် ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်ရေးစခန်းတွင် နယ်စပ်နယ်နိမိတ် ပင်လယ်ရေကြောင်းလုံခြုံရေး ဆောင်ရွက်မှု များနှင့်သင်တန်းပေးလေ့ကျင့်မှုများကိုလည်းကောင်း၊ သြစတြေးလျရဲအရာရှိကြီးအဆင့် ရဲတက္ကသိုလ် (Australian Institue and Police Management- AIPM) သို့ သွားရောက်၍ တာဝန်ရှိသူများ နှင့်တွေ့ဆုံကာ ရဲအရာရှိများ စွမ်းရည်မြှင့်တင်ရေး သင်တန်းများနှင့်ပတ်သက်၍ လေ့လာမေးမြန်း ဆွေးနွေးခြင်း၊ မြန်မာ-သြစတြေးလျ နှစ်နိုင်ငံ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ရဲချုပ်နှင့် အဖွဲ့သည် မတ် (၉) ရက် ညပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


