ဆီဆိုင် ၁၀ မတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် နွေရာသီ အခြေခံအားကစား သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ခန်းမဆောင်၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်အေးက သင်တန်းဆင်း ကျောင်းသား ကျောင်းသူများအား လမ်းညွှန်အမှာစကားပြောကြားပြီး အားကစားနည်း တစ်ခုချင်းစီအလိုက် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြများကိုလည်း ဂုဏ်ပြုငွေများ ထောက်ပံ့ပေးခဲ့ပြီး မြန်မာ့ရိုးရာခြင်းခတ်သင်တန်း၏ အသင်းလိုက်ယှဉ်ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် ရိုးရာခြင်းခတ်ပြိုင်ပွဲအတွက် အလှူရှင်များနှင့် ဘောလုံးသင်တန်းသားများအတွက် ဝတ်စုံအလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခဲ့ပြီး သင်တန်းသားများက မြန်မာသိုင်းနှင့် Myanmar Physical Fitness Dance အားကစားနည်းများဖြင့် သရုပ်ပြသခဲ့သည်။
အဆိုပါသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ မြန်မာသိုင်း၊ Myanmar Physical Fitness Dance နှင့် ရိုးရာခြင်းစသည့် အားကစားနည်း(၅)မျိုးဖြင့် တစ်လကြာ ဖွင့်လှစ်သင်ကြားပေးပြီး ကျောင်းသားကျောင်းသူ ၁၄၈ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


