မိုင်းဆတ် ၁၀  မတ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်ရှိမော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များသက်တမ်းတိုးခြင်း၊ ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးခြင်းလုပ်ငန်းများကို ကျိုင်းတုံမြို့၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးသိန်းဝင်း ဦးဆောင်သောအဖွဲ့ကမိုင်းဆတ်မြို့ပြည်သူ့ဝန်ဆောင်မှုရုံး၌ မတ် ၁၀ ရက် နံနက် ၉ နာရီတွင် စတင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်အဖွဲ့အနေနဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်သက်တမ်းတိုးခြင်းများအပြင် မော်တော် ဆိုင်ကယ်မောင်း “က” လိုင်စင်ပြုလုပ်ပေးပါမယ်၊ ယာဉ်မောင်းရန် “သ” လိုင်စင်လည်းလျှောက်ထားနိုင်ပါတယ်၊ ကနဲ့ သ လိုင်စင်သက်တမ်း(၃)လပြည့်ပြီးပါက ကညန ကျိုင်းတုံရုံးမှာ “ခ” ယာဉ်မောင်းလိုင်စင်ဖြေဆိုနိုင်ပါတယ်၊ ပြီးတော့ သက်တမ်းတိုးယာဉ်/ဆိုင်ကယ်တွေကို(၃)လ ကြိုသက်တမ်းတိုးပေးပါတယ်၊ မော်တော်ဆိုင်ကယ်(၁၀ဝ-cc) အထိ ယာဉ်စစ်ဖို့မလိုပါဘူး၊ ဆိုင်ကယ်တွေကို ယခင်မြန်မာအက္ခရာဖောင်းကြွနံပါတ်ပြားမှ အင်္ဂလိပ်အက္ခရာ ဖောင်းကြွ နံပါတ်ပြားပြောင်းလဲပေးမှာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ပြီး(၂)လကျော်ပါက ယာဉ်မှတ်ပုံတင်စာအုပ်နှင့် နံပါတ်ပြားအဟောင်းကိုကျိုင်းတုံကညနရုံးကိုတင်ပြပြီးအသစ်ထုတ်ယူနိုင်ပါတယ်၊ ယာဉ်မောင်းလိုင်စင်လျှောက်ထား သူများကိုလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ပတ်သက်ပြီးသိရှိထားရမဲ့အချက်တွေကို မတ်လ ၁၂ ရက်မှာ ဟောပြောပို့ချပေးပြီး မော်တော်ဆိုင်ကယ် လက်တွေ့မောင်းနှင်မှုကိုလည်း စစ်ဆေးသွားမှာဖြစ်ပါတယ်” ဟု ဦးစီးအရာရှိ ဦးသိန်းဝင်းကပြောကြားသည်။

အဆိုပါ လိုင်စင်ဝန်ဆောင်ပေးခြင်းလုပ်ငန်းများအား (၁၀-၃-၂၀၁၉)မှ (၁၂-၃-၂၀၁၉)ထိ (၃)ရက်တိုင် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း

 

mdn