နေပြည်တော် ၁၀ မတ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မတ် ၈ ရက် ညနေပိုင်းက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ မြန်မာ့ရွှေဖြူ ကုမ္ပဏီလီမိတက်၏ လျော်ဖြူမှ ထုတ်လုပ်ထားသည့် မျက်နှာလိမ်းခရင်၊ ကိုယ်လိမ်းခရင်၊ ဆံပင်တိုနာ၊ ငှက်သိုက် ဖျော်ရည်ပြုလုပ်ပုံ အဆင့်ဆင့်တို့အား ကြည့်ရှုအားပေးသည်။

မတ် ၉ ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မဟာမဲခေါင် ဒေသအဖွဲ့ ဥက္ကဋ္ဌ မစ္စတာအိဝကိရိုရှိုအိုနှင့် ကုမ္ပဏီဥက္ကဋ္ဌ ဦးဘသင်းလှိုင်တို့က မြိုင်မြို့နယ်၊ မြို့တင်ကျေးရွာ၌ ကျင်းပသော ဂျပန်နိုင်ငံမှ နည်းပညာနှင့်အရင်းအနှီး ပံ့ပိုးဆောင်ရွက်မည့် စီမံကိန်း ဆိုင်းဘုတ်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ Enishi ကုမ္ပဏီက မြန်မာ့လျော်ဖြူဆေးကုလားမအား ဂျပန် နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ထိုင်ဝမ်နိုင်ငံနှင့် အခြား ပြည်ပနိုင်ငံများသို့ ဈေးကွက် ထိုးဖောက်ရန်အတွက် GMI အဖွဲ့မှ လာရောက်အကူအညီ ပေးထားသော မြန်မာ့ရွှေဖြူခြံ နှင့် မြန်မာ့လျော်ဖြူ (၂၅) တန် ဝယ်ယူမှု အလွတ်သဘောတူ MoU စာချုပ် ချုပ်ဆိုခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်သော သီးနှံအမယ်စုံအား ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ ပြည်တွင်းတွင်လည်း သီးနှံများအား ထုတ်လုပ်ရုံမကဘဲ ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ပြည်တွင်း ပြည်ပ ဖြန့်ဖြူးခြင်းများကိုလည်း လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြည်တွင်းပြည်ပ ဈေးကွက်လိုအပ်ချက်အရ တင်ပို့ဖြန့်ဖြူးရောင်းချနိုင်ရန် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ပြီး သီးနှံများ၌ ဓာတုဗေဒ ဓာတ်ကြွင်းမရှိစေရေး အလေးထားလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ လျော်ဖြူထုတ်လုပ်ရာတွင် ထွက်ရှိလာသော ဆေးကုလားမအား တင်ပို့ခြင်း ပြုမည့်အစား ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ငှက်သိုက် ဖျော်ရည်၊ ဆံပင်တိုနာ၊ ကိုယ်လိမ်းခရင်၊ မျက်နှာလိမ်းခရင်နှင့် ဆေးဝါးများအတွင်း ထည့်သွင်းပြီး ဆေးအာနိသင် ပိုမိုရရှိလာအောင်ပြုလုပ်ပြီး တင်ပို့ရောင်းချပါက နိုင်ငံခြားဝင်ငွေ ရရှိလာမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူနှင့် ကုန်သည်လုပ်ငန်းရှင်များပူးပေါင်း၍ လုပ်ငန်းများအား စနစ်တကျ စီမံခန့်ခွဲပြီး ရရှိလာသော အကျိုးအမြတ်များအား မျှဝေခံစားကြရမှာဖြစ်ကြောင်း၊ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြုလုပ်ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာမည့်အပြင် ဒေသနေ ပြည်သူများ၏ စားဝတ်နေရေး၊ လူနေမှုအဆင့်အတန်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာကာ တိုးတက်လာမှာဖြစ်ကြောင်း၊ မိမိဝန်ကြီး ဌာနအနေဖြင့် ပြည်ပပို့ကုန်မြှင့်တင်ရန်အတွက် ပြည်တွင်း ထုတ်လုပ်သူတောင်သူနှင့် ကုန်သည်လုပ်ငန်းရှင်များအား ပြည်ပဈေးကွက်ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပြည်ပပို့ကုန်မြှင့်တင်ရေးအတွက် ပြည်တွင်းပြည်ပသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကို ဖွင့်လှစ်ပို့ချပေးနေပြီဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မကွေးတိုင်းအတွင်း ပြည်တွင်း ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမှုများ တိုင်းအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့် ကုမ္ပဏီများမှ တာဝန်ရှိ သူများက ကဏ္ဍအလိုက် တင်ပြကြပြီး မြန်မာ့လျော်ဖြူ (၂၅)တန် ဝယ်ယူမှု အလွတ် သဘောတူ စာချုပ် MoU အား ဂျပန်နိုင်ငံ Enishi ကုမ္ပဏီ ကိုယ်စားလှယ်နှင့် မြန်မာ့ရွှေဖြူခြံမှ လုပ်ငန်းရှင် ဦးဘသင်းလှိုင် တို့က လက်မှတ်ရေးထိုးလဲလှယ်ကြသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့အား တရုတ်နိုင်ငံ Guangxi Fengdana Co.,Ltd မှ တာဝန်ရှိသူ Mr. Wai နှင့် အဖွဲ့က မြိုင်မြို့နယ်၊ ယင်းတိုင်ယောင်းရွာရှိ ကျေးရွာဧည့် ဂေဟာ၌ လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်တင်ပို့နိုင်ရေး၊ ရင်းနှီးမြှုပ်နှံ ရေး၊ တရုတ်နိုင်ငံ စန်းကျင်၊ ပေတိုင်း၊ ဟိုင်နန်၊ ဟိုက်ခို မြို့များသို့ မြန်မာ့လျော်ဖြူအား တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရေးတို့အား ဆွေးနွေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြိုင်မြို့နယ် ကန်ယာဘောင်းရွာရှိ တောင်သူ ဦးကျော်လှိုင်၏ လျော်ဖြူပင်စိုက်ခင်း (၁၃၂)ဧက စိုက်ခင်းအား ကြည့်ရှုပြီး၊ လျော်ဖြူစိုက် တောင်သူများအား တွေ့ဆုံကာ စိုက်ပျိုးသီးနှံများ အရည်အသွေးပိုမို ကောင်းမွန်စေရန် လိုအပ်သည့်နည်းပညာများရရှိရန် ကူညီပေးမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ ဓာတုဗေဒ ဓာတ်ကြွင်းများ မရှိစေရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြစ်ချေမြို့၊ သရက်တောအုပ်စု၊ မိုးနတ်ကုန်းကျေးရွာရှိ တောင်သူဦးမြင့်ကို၏ ဒန့်သလွန် (၁၂)ဧက စိုက်ခင်းသို့ ဝင်ရောက် အားပေး ကြည့်ရှုပြီး Moringa Farms (PKU) မှ ဒန့်သလွန် အရွက်မှ ထုတ်လုပ်သော ဒန့်သလွန်အရွက်မှုန့်၊ အစေ့မှုန့်၊ အရည်၊ ဒန့်သလွန်အဆီ၊ ဒန့်သလွန်ဆပ်ပြာများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)