နေပြည်တော် ၁၀ မတ်
မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၏ အလုပ်အမှုဆောင် အစည်းအဝေးကို ယနေ့နံနက် ၉နာရီတွင် မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ကုန်သည်ကြီးများ အသင်းချုပ်(UMFCCI)၌ကျင်းပသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းဂုဏ်ထူးဆောင်နာယက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနိုင်သက်လွင် ကတိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိစီးပွားရေး လုပ်ငန်းများအပြင် အခြားတိုင်းရင်းသားမျိုးနွယ်စုများ၏ စီးပွားရေးလုပ်ငန်းများနှင့် ရိုးရာယဉ်ကျေးမှုများကို သိရှိနားလည်စေရေးအပြန်အလှန် သွားရောက်လေ့လာကြစေလိုပါကြောင်း၊ထိုသို့ သွားရောက်လေ့လာခြင်းဖြင့် တိုင်းရင်းသားများအချင်းချင်း မတူကွဲပြားသော ယဉ်ကျေးမှုဓလေ့ထုံးစံများကို သိရှိနားလည်ပြီး ရင်းနှီးချစ်ကြည်မှုများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိမှသာ သံသယကင်းစင်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင် နိုင်မည်ဖြစ်၍ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ တိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့် ဒေသအတွင်းတိုင်းရင်းသားများ၏ ရိုးရာလက်မှုထုတ်ကုန်များ တိုးတက်လာစေရေး ကူညီဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်ခုကြားတွင် တည်ရှိသောကြောင့် ကြီးမားသောဈေးကွက်ကြီးများ အဆင်သင့်ရှိနေပြီး မိမိတို့၏ စက်မှုလက်မှုထုတ်ကုန်များ အရည်အသွေးပြည့်ဝစွာ ထုတ်လုပ်နိုင်ပါက ဈေးကွက်အတွင်း အောင်မြင်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် တစ်ဦးတစ်ယောက်ချင်း ကြိုးစားဆောင်ရွက်ရုံသာမက တိုင်းရင်းသားမျိုးနွယ်စုအလိုက် စီးပွားရေးလုပ်ငန်းရှင်အသင်း အဖွဲ့များဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်လည်း မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ အသေးစားအလတ်စားလုပ်ငန်းများအပြင် ပြည်ပကုမ္ပဏီများနှင့် ပါပူးပေါင်းဆောင်ရွက်နိုင်ရေးကြိုးစားကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေသလို တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့်လည်း တိုင်းဒေသကြီး/ပြည်နယ်များရှိဒေသတွင်းစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဂုဏ်ထူးဆောင်နာယက ဒေါက်တာအောင်ထွန်းသက်က အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဇော်အေးမောင်နှင့် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးတို့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးယောဆက်နှင့် အထွေထွေ အတွင်းရေးမှူးဦးမင်းဗညားစန်းတို့က မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းပေါ် ပေါက်လာပုံနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းရင်းသားမျိုးနွယ်စုတိုင်းရင်းသား လုပ်ငန်းရှင်အသင်းများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများမှ ကိုယ်စားလှယ်များက တိုင်းရင်းသားလုပ်ငန်းရှင်များ၏ အခက်အခဲများအားတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဂုဏ်ထူးဆောင် နာယကများက ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


