ရန်ကုန် ၁၀ မတ်
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် (စမ်းချောင်းသာကွင်း)၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း တည်ထောင်သူ နာယကတို့က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ ကြွရောက်လာကြသောအဖွဲ့များနှင့် မှတ်တမ်းဓါတ်ပုံရိုက်ကြပြီး ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ထို့နောက် MWEA အသင်းဥက္ကဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်တွင်း ချည်ထည်များဖြင့် ဖန်တီးထားသော ဝတ်စားဆင်ယင်မှုပြပွဲနှင့် တေးဂီတဖျော်ဖြေပွဲများဖြင့် ဖျော်ဖြေသည်။
ယမန်နေ့ကလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်ဂုဏ်ပြုပွဲနှင့် Champion for Gender Equality Award ပေးအပ်ပွဲ အခမ်းအနားကိုမဟာဗန္ဓုလပန်းခြံ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် Chanmpion for Gender Equality Award ဆုရွေးချယ်ရခြင်း၏ ရည်ရွယ်ချက်၊ ဆုရွေးချယ်ပုံအဆင့်အဆင့်နှင့် ဆုရွေးချယ်ခြင်းအပေါ် အားပေးစကားပြောကြားခြင်းတို့ကို တာဝန်ရှိသူများက ပြောကြားသည်။ ဆက်လက်၍ ယခုနှစ်အတွက် Chanmpion for Gender Equality Award ကိုရွေးချယ်ပေးအပ်ရာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးအခွင့်အရေးများအတွက် ဆောင်ရွက်နေသူ ၊ စံပြလူထုအခြေပြုအဖွဲ့၏ Program Directorမိချယ်ရီစိုးနှင့် ပန်းချီဆုအတွက် ဆရာမ မသန္တာနွေး က ရရှိသည်။
ဆက်လက်၍ ဆုရရှိသူများနှင့် ဆုအမည်စာရင်း တင်သွင်းခြင်းခံရသူများ အတွက် ပြည်ထောင်စုဝန်ကြီးနှင့် ရင်ခွင်မဲ့ ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ အတွင်းရေးမှူး ဒေါက်တာမြသီတာတို့က ပေးအပ်ခဲ့ကြပြီးဆုရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


