ရန်ကုန် ၁၀  မတ် 


မီးလောင်မှု မဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ရေး ဖြစ်ပွားလာပါက အလျင်မြန်ဆုံး လက်ဦးမှု ရယူနိုင်ရေးတို့အတွက် နေအိမ်တိုင်း မီးသတ်ဆေးဘူးထားရှိရေး အကောင်အထည်ဖော် ဆောင်ရွက်မှုအနေဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ကျေးရွာ (၃)ရွာအား မီးသတ်ဆေးဘူး ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။ 


အခမ်းအနားတွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ မီးသတ်ဦးစီးမှူးရုံးမှ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးရဲမင်းထွဋ်၊ သန်လျင်မြို့နယ်မီးဘေးတားဆီးရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း တို့က မီးဘေး ကြိုတင်ကာကွယ်ရေးနှင့် အိမ်တိုင်းမီးသတ်ဆေးဘူးထားရှိရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှု တို့အား ရှင်းလင်း ပြောကြားသည်။ 


ဆက်လက်၍ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ အရန်မီးသတ်တပ်စုမှူး ဦးဇော်လင်းအောင် က သန်လျင်မြို့နယ်အတွင်း အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်နေမှုတို့အား ရှင်းလင်းပြောကြားကာ အိမ်တိုင်းမီးသတ်ဆေးဘူးထား ရှိရေးစီမံချက် အကောင်အထည်ဖော်မှုအနေဖြင့် စစ်ပင်ကွင်းကျေးရွာ၊ ဘယက်စံပြကျေးရွာနှင့် သူဌေးကွင်းစံပြကျေးရွာတို့ အတွက် မီးသတ်ဆေးဘူးများအား တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။ 


ထို့နောက် ကျေးရွာ (၃) ရွာအား အိမ်တိုင်းမီးသတ်ဆေးဘူးထားရှိရေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဘုရားကုန်းကျေးရွာမှ အရန်မီးသတ်တပ်စုမှူး ဦးဇော်လင်းအောင်အား ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းထွဋ် က ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ပြီး မီးသတ်ဆေးဘူးပေးအပ်ခြင်းအတွက် ကျေးရွာ သုံးရွာ ကိုယ်စား ဘယက်စံပြကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်နွဲ့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 


ရန်ကုန်တောင်ပိုင်းခရိုင်တွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မီးဖိုမီး (၉)ကြိမ်၊ ပေါ့ဆမီး (၈) ကြိမ်၊ လျှပ်စစ်မီး (၂)ကြိမ်၊ ရှို့မီး (၃)ကြိမ်၊ တောမီး (၂) ကြိမ် စုစုပေါင်း မီးလောင်မှု (၂၄)ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ကျပ်သိန်းပေါင်း (၃၇၂၇၃၅၀ဝ) ဆုံးရှုံးခဲ့ကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ မတ်လအတွင်း ပေါ့ဆမီး (၃)ကြိမ်၊ မီးဖိုမီး (၄)ကြိမ်နှင့် အလိုအလျောက်မီး (၁)ကြိမ်၊ စုစုပေါင်း မီးလောင်မှု (၈)ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် ကျပ်သိန်းပေါင်း (၁၃၈၆၀ဝ၀) ခန့် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။ 


သက်ခိုင် (သန်လျင်)

 

1