နေပြည်တော် ၁၀ မတ်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံ စည်းရိုး နယ်စပ်မှတ်တိုင် အမှတ် ဘီပီ-၆၇ နှင့် ဘီပီ-၆၈ အကြားတွင် နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ဆောက်လုပ်ရေးလုပ်ငန်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မတ် ၉ ရက် မွန်းလွဲပိုင်းတွင် AA သောင်းကျန်းသူအဖွဲ့မှ အင်အား ၂၀ဝ ခန့်က နေရာများဖြန့်ခွဲ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းမှတစ်ဆင့် နှောင့်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့နှောင့်ယှက်တိုက်ခိုက်လာခဲ့သဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး ဆောက်လုပ်ရေးလုပ်သားများကို လက်ရှိလုပ်ငန်းခွင်မှ လုံခြုံ သောနေရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများအား ၂၀၁၀ ခုနှစ်မှစတင်၍ အဆင့်(၄)ဆင့်ဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်အထိ နယ်စပ် ခြံစည်းရိုးမှတ်တိုင်အမှတ် ၆၇ အထိ ၁၂၉ ဒသမ ၁၅ မိုင် ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။
ထိုသို့မြန်မာနိုင်ငံ၏ အနောက်တံတားလုံခြုံရေးနှင့် ဒေသခံတိုင်းရင်းသားများ လုံခြုံရေးအတွက် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများအား ဆောင်ရွက်နေသော ဆောက်လုပ်ရေးလုပ်ငန်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား AA သောင်းကျန်းသူအဖွဲ့ များက ယခုကဲ့သို့ နှောင့်ယှက်တိုက်ခိုက်ခြင်းများဆောင်ရွက်လာခြင်းသည် နိုင်ငံတော် ၏နယ်မြေပိုင်နက်လုံခြုံရေး၊ အချုပ်အခြာတည်တံ့ခိုင်မြဲရေးနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးတို့အား နှောင့်ယှက်ဖျက်ဆီးခြင်း ဖြစ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သောင်းကျန်းသူ နှိမ်နင်းရေးစစ်ဆင်ရေးအား ထိရောက်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


