နေပြည်တော် ၁၀ မတ်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ရဲကင်းစခန်းအား AA သောင်းကျန်းသူ အဖွဲ့က မတ် ၉ ရက် ညပိုင်းတွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးပြီး ရဲတပ်သားတစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယိုးတရုတ်ကျေးရွာရှိ ရဲအုပ် စောသိန်းထွန်း ဦးစီးအခြေပြု၍ နယ်မြေလူထုအတွက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များ ဆောင်ရွက်ပေးနေသည့် ယိုးတရုတ် ရဲကင်းစခန်းအား မတ် ၉ ရက် ည ၁၁ နာရီ မိနစ် ၂၀ ခန့်မှ မိနစ် ၅၀ ခန့်အထိ AA သောင်းကျန်းသူအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ရဲကင်းစခန်းသည် ယိုးတရုတ်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ၂၀၁၉ ခုနှစ် တက္ကသိုလ် ဝင်တန်းစာစစ်ဌာန၏ မေးခွန်းလွှာနှင့် အဖြေလွှာများအား ထိန်းသိမ်းသည့် လုပ်ငန်း တာဝန် ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်များမှာ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ယိုးတရုတ်ကျေးရွာဇာတိ ဒေသခံ ရခိုင်တိုင်းရင်းသားများဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

(သတင်းစဉ်)