မန္တလေး ၁၁ မတ်
၂၀၁၉ ခုနှစ် မတ် ၂၃ ရက်တွင် ကျရောက်မည့် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ် အခမ်းအနားကို The Sun, The Earth and The Weather (နေ၊ ကမ္ဘာနှင့် မိုးလေဝသ ကောင်းမွန်ရေး လူတိုင်းဖော်ဆောင်ပေး) ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်)မန္တလေးရုံးခွဲမှ သိရသည်။
ယခုနှစ် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ် ၂၃ ရက်၌ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ပြီး အထိမ်းအမှတ် အခမ်းအနားတွင် မိုးလေဝသနှင့် ဇလဗေဒ ဘာသာရပ်ဆိုင်ရာ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် စာတမ်းများလည်း တင်သွင်းဖတ် ကြားမည်ဖြစ်ကြောင်း သိရသည်။
"နှစ်တိုင်း ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် အခမ်းအနားကို ခေါင်းစဉ် တစ်မျိုးစီနဲ့ ကျင်းပတယ်။ မိုးလေဝသနေ့ အခမ်းအနားအတွက် အလွတ်တန်းဆောင်းပါး ပြိုင်ပွဲလဲ ကျင်းပပြီး ဆုတွေလဲချီးမြှင့် ပေးသွားပါမယ် " ဟု ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။
ဆောင်းပါးပြိုင်ပွဲတွင် ပထမဆု ငွေကျပ် ၁၅၀,ဝဝဝ၊ ဒုတိယဆုငွေ ကျပ် ၁၀ဝ,ဝဝဝ နှင့် တတိယဆုငွေ ကျပ် ၅၀,ဝဝဝ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုကျင်းပမည့် အကြိမ်သည် ၅၉ ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ် အခမ်းအနားဖြစ်ပြီး ပြီးခဲ့သည့်(၅၈)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အခမ်းအနား Weather ready, Climate smart ခေါင်းစဉ်ဖြင့်နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။
သူရိန်လင်း


