ယင်းမာပင် ၁၁ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၄၁) စက်မှုလယ်ယာစခန်းမှ တောင်သူများအား လုပ်ငန်းခွင်တွင် စက်ကိရိယာများ လက်တွေ့အသုံးပြုမှု၌ အဆင်ပြေစေရန် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း သင်တန်းဖွင့်ပွဲကို မတ် ၁၁ ရက် နံနက် ၉ နာရီက ယင်းမာပင်မြို့ အမှတ်(၄၁) စက်မှုလယ်ယာစခန်း သင်တန်းခန်းမ၌ ကျင်းပသည်။

 

5

 

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ခရိုင်စီမံကိန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းလှိုင်က အဖွင့်အမှာစကားပြောကြာပြီး အမှတ်(၄၁) စက်မှုလယ်ယာစခန်းမှ ဦးစီးအရာရှိ ဦးမင်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ တောင်သူများအနေဖြင့် လက်မှုလယ်ယာကနေ စက်မှုလယ်ယာသို့ တစ်ဖြည်းဖြည်း ပြောင်းလဲလာခြင်းနှင့်အညီ လယ်ယာသုံး စက်ကိရိယာများကို လက်တွေ့အသုံးပြု လုပ်ကိုင်ရာတွင် စနစ်တကျမောင်းနှင် အသုံးပြုတတ်စေရန်နှင့် စက်ပစ္စည်းများကိုလည်း ပြုပြင်ထိန်းသိမ်း တတ်စေရန်တို့ကို ရည်ရွယ်၍ ယခုလို စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းသို့ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စက်ပစ္စည်းမောင်းနှင် ထိန်းသိမ်းမှု စိတ်ပါဝင်စားသောတောင်သူ သင်တန်းသား ၃၀ ဦး တက်ရောက်ကြပြီး သင်တန်းတွင် လယ်ယာသုံး စက်ပစ္စည်းများနှင့် ပတ်သက်၍ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမှာဖြစ်ကာ သင်တန်းကာလမှာ မတ် ၁၁ ရက်မှ ၂၃ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သန်းဌေးအောင်(ကနီ)