ပုသိမ် ၁၁ မတ်

 


မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ ပြုလုပ်သော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအား မသန်စွမ်းအဖွဲ့စည်းများ လေ့လာခြင်းမှရရှိသော အကြံပြုချက်များတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကို ပုသိမ်မြို့ စွမ်းဟိုတယ်ခန်းမတွင် မတ် ၁၁ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

 


အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းမှ အလုပ်ရုံးဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အလုပ်မှုဆောင် ဒေါ်ခက်မျိုးစုမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း မသန်စွမ်းသူများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့လာတွေ့ရှိချက်နှင့် သဘာဝဘေးကြောင့် တွေ့ကြုံရသော အခက်ခဲ အကြံပြုချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

 


ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တက်ရောက်လာကြသော မသန်စွမ်းသူများကိုယ်စား ကိုယ်စားလှယ်များက ဘဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေအား လေ့လာတွေ့ရှိချက်နှင့် သဘာဘေးကြောင့် မသန်းစွမ်းသူများ တွေ့ကြုံရသော အခက်ခဲ၊ ကာကွယ်ပေးရေး၊ ကြိုတင်ကာကွယ်ရေး၊ ပြုစုစောင့်ရှောက်မှု၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 


ဆက်လက်ပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ နေ့လယ်ပိုင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြရာ မသန်စွမ်းသူများ အနေဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအား လေ့လာတွေ့ရှိချက်နှင့် သဘာဝဘေးကြောင့် မသန်စွမ်းသူများ တွေ့ကြုံရသော အခက်ခဲ၊ ကာကွယ်ပေးရေး၊ ကြိုတင်ကာကွယ်ရေး၊ ပြုစုစောင့်ရှောက်မှု၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ လိုအပ်ချက်များကို အကြံပြုတင်ပြပေးခဲ့ကြောင်း သိရသည်။

 


မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်အနေနဲ့ မသန်စွမ်းများ၏ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အဖွဲ့စည်းတစ်ခုဖြစ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေး ပိုမိုတိုးတက်ရရှိရန်အတွက် ဆောင်ရွက်လျက်ရှိသဖြင့် ပင်လယ်ကမ်းခြေနှင့်နီးသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်ကြောင့် မသန်စွမ်းသူများ မကြာခဏ ကြုံတွေ့ရသည့်အခါတွင် မသန်စွမ်းသူများ ထိခိုက်နစ်နာမှုများ ကုစားပေးနိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းထွန်းဇော်