သီပေါ ၁၁ မတ်
သီပေါမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှစ်ထပ်ရုံး ဆောက်လုပ်လျက်ရှိပြီး ကျောက်မဲခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းနှင့် အဖွဲ့သည် မတ် ၁၀ ရက် နံနက် ၁၀ နာရီခွဲက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရောင်စဉ်ပွင့်သစ် ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ကာ ကုမ္ပဏီတာဝန်ခံနှင့် မြို့နယ်တာဝန်ရှိသူများက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှစ်ထပ်ရုံးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး တင်ပြချက်အပေါ် ခရိုင်ဦးစီးမှူးက စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ရက်အတွင်း ပြီးစီးရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ရေရှည်တည်တံ့ ခိုင်မြဲရေးတို့အတွက် မှာကြားခဲ့သည်။
အဆိုပါဦးစီးဌာန နှစ်ထပ်ရုံးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၈၅ ဒသမ ၆၆ သန်းဖြင့် ဆောက်လုပ်နေခြင်းဖြစ်ပြီး ရုံးဆောက်လုပ်ပြီးစီးပါက စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်နှင့်အညီ သီပေါမြို့နယ်ရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်း၍ ဖွံ့ဖြိုးရေးမဟာဗျူဟာ ရေးဆွဲကာ ယခင်ထက်ပိုမို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ငါန်းဇွန်)


