စစ်ကိုင်း ၁၁ မတ်
စစ်ကိုင်းခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန၊ လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများအနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်၊ နွေသီးနှံစိုက်ပျိုးရာသီ၌ လျာထားသီးနှံများကို လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေများ ပေးဝေနိုင်ရေးအတွက် အဆင်သင့်ပြင်ဆင် စီစဉ်ထားကြောင်း အဆိုပါဌာနမှ သိရှိရသည်။
စစ်ကိုင်းခရိုင်အတွင်း စစ်ကိုင်းမြို့နယ်၌ တပ်ရွာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့် ဆင်တပ် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ မြောင်မြို့နယ်တွင် တွင်းကြီး(ပရိမ္မ) လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ ရွှေပေါက်ပင် လျှပ်စစ်မြစ်ရေတင် လုပ်ငန်းနှင့် ပေါက်အင်း လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ မြင်းမူမြို့နယ်၌ ပျော့ရွာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ မြစ်ပေါက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ ဝမ်းပြည့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ ဆပ္ပကုန်း လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ ကျွဲရိုက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ လက္ကပင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့် ခြေရာတော် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ဟူ၍ လျှပ်စစ်မြစ်ရေတင် လုပ်ငန်းပေါင်း (၁၂)ခု တည်ရှိသည်။
ယခင်နှစ် ၂၀၁၇-၂၀၁၈ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် စစ်ကိုင်းခရိုင်အတွင်းရှိ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများမှ နွေစပါး (၁၃၄၈) ဧက၊ အခြားသီးနှံ (၁၆၅၀)ဧက၊ စုစုပေါင်း စိုက်ပျိုးဧကပေါင်း (၂၉၉၈)ဧကကို အောင်မြင်စွာ ရေပေးဝေ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ၂၀၁၈-၂၀၁၉ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် သီးနှံများကို ဧကပြည့်မီစွာ စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် ရေတင်ပန့်များ၊ မော်တာများနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ လျှပ်စစ်ဓာတ်အားပေးလိုင်းများ ရှင်းလင်းခြင်း၊ ရေပေးမြောင်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ရေခေါ်မြောင်းများ တူးဖေါ်ခြင်းနှင့် ပိုက်လိုင်းများ သွယ်တန်းခြင်းကို ဆောင်ရွက်ထားပြီးဖြစ်သည်ဟု သိရသည်။
မြင်းမူမြို့နယ်ရှိ ပျော့ရွာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသည် UNOPS အဖွဲ့၏ တာဝန်ယူကြီးကြပ်မှု၊ ကူညီထောက်ပံ့မှုဖြင့် ပြန်လည်အဆင့်မြှင့်တင်ခြင်း စီမံကိန်းအဖြစ် တူးမြောင်းစနစ်များ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ ရေအရင်းအမြစ် စီမံခန့်ခွဲရေးအဖွဲ့(IWMI)၏ ညှိနှိုင်းပေါင်းစပ်မှုအောက်တွင် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် NEPS - ICRISAT & WHH တို့မှ ရေစီမံခန့်ခွဲမှုနှင့် ရေသုံးစွဲသူများအသင်း ထူထောင်ခြင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု အထွက်နှုန်း တိုးတက်တက်ရေး၊ မျိုးကောင်းမျိုးသန့်နှင့် ဈေးကွက်တန်ဖိုးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ ပျော့ရွာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ပြန်လည်အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို ယခုနှစ် မတ်လကုန်တွင် အပြီးဆောင်ရွက်မည်ဖြစ်ပြီး ယခုနှစ်နွေသီးနှံရာသီတွင် စပါးဧက (၇၅၀)နှင့် အခြားသီးနှံဧက (၄၅၀) စုစုပေါင်း နွေသီးနှံဧက (၁၂ဝဝ)ကို စိုက်ပျိုးရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ခုနှစ် နွေသီးနှံရာသီတွင် စစ်ကိုင်းခရိုင် လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများအနေဖြင့် စပါးဧက (၃၀၇၀)နှင့် အခြားသီးနှံဧက (၂၂ဝဝ) စုစုပေါင်း နွေသီးနှံဧက (၅၂၇၀)ကို စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်ထားကြောင်း၊ သီးနှံများအတွက် လိုအပ်သော ပျိုးထောင်ရေ၊ မြေပြုပြင်ရေ၊ ပင်ဖြစ်ရေနှင့် အောင်ရေတို့ကို လုံလောက်စွာ ပေးဝေသွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) အနေဖြင့် ရေရှားပါး၍ စိုက်ပျိုးရေရရှိရန် ခက်ခဲသည့်ဒေသများတွင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ တည်ဆောက်ခြင်း၊ မြေအောက်ရေစက်ရေတွင်းများ တူးဖေါ်၍ စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများကြောင့် အချိန်မီစိုက်ပျိုးနိုင်ကြပြီး သီးနှံများအောင်မြင်မှုရှိသဖြင့် ဒေသဝမ်းစာ ဖူလုံစေသည့်အပြင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက်ပါ အထောက်အကူပြုကြောင်း၊ ဒေသခံများအတွက် စိုက်ပျိုးရေအပြင် သောက်သုံးရေ အခက်အခဲများကိုပါ ဖြေရှင်းကူညီပေးနိုင်ကြောင်း သိရသည်။
ခိုင်ဇေယျ(ဝ၇၅)


