မိုင်းယု ၁၁ မတ်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် OSS ဝန်ဆောင်မှုရုံးမှ ပြည်သူတို့၏ လိုအပ်ချက်များကို လွယ်လင့်တကူ အလျင်အမြန် ဆောင်ရွက်ပေးနေမှုများအား ပြည်သူတို့ သိရှိနားလည်စေရန် ရည်ရွယ်၍ OSS ဝန်ဆောင်မှုအကြောင်း အသိပညာပေးဟောပြောပွဲကို မတ် ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲက မိုင်းယုမြို့ ဝမ်တာကြန့််ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက OSS ဝန်ဆောင်မှုအဖွဲ့မှ ပြည်သူများအတွက် အမှန်တကယ်လိုအပ်သည့် လုပ်ငန်းများကို ဆောင်ရွက်ပေးနေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်က OSS ဝန်ဆောင်မှုအဖွဲ့၏ ပြည်သူတို့အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြည်သူ့လိုအပ်ချက်များအပေါ် အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ပြောကြားခဲ့သည်။
ထို့နောက် OSS အဖွဲ့တွင် ပါဝင်သည့် အဖွဲ့များက မိမိတို့ဌာနတွင် ကဏ္ဍတစ်ခုချင်းစီအလိုက် ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများကို မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများက မိမိတို့သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ယင်းနောက် မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် OSS ရုံးအဖွဲ့ဝင်များက OSS ဝန်ဆောင်မှုအဖွဲ့၏ ပြည်သူ့အတွက် ဝန်ဆောင်မှုလုပ်ငန်း ပိုစတာများကို တက်ရောက်လာသည့် ကျေးရွာအုပ်စုလေးအုပ်စုမှ ရပ်မိရပ်ဖများ၊ ကျေးလက်နေပြည်သူများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)


