မိတ္ထီလာ ၁၁ မတ်
မိတ္ထီလာခရိုင် သာစည်မြို့နယ် အတွင်းရှိ နွေရာသီကာလ သောက်သုံးရေရှားပါးသည့် ရပ်ကွက်၊ ကျေးရွာများသို့ ဇေယျသုခရေလှူအသင်းက ဦးဆောင်ပြီး သောက်သုံးရေများ ပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ကြောင်း အဆိုပါ ရေလှူအသင်းအတွင်းရေးမှူး ဦးမြင့်ဆွေက ပြောသည်။
“သာစည်မြို့နယ် အတွင်းမှာ နွေရာသီကာလ သောက်သုံးရေ ရှားပါးတဲ့ ရပ်ကွက်၊ ကျေးရွာတွေကို ဇေယျသုခရေလှူ အသင်းက သောက်သုံးရေများ ပို့ဆောင်လှူဒါန်းပေးသွားမှာပါ။ သောက်သုံးရေရှားပါးတဲ့ ရပ်ကွက်၊ ကျေးရွာများ အနေနဲ့ တကယ်ရေအခက်အခဲ ကြုံတွေ့တဲ့အခါ ဇေယျသုခရေလှူအသင်းကို ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါတယ်။ နှစ်စဉ် နွေရာသီကာလ သောက်သုံးရေရှားတဲ့ ကန်စွယ်၊ အုတ်ဖို၊ ဆင်သေ၊ ကြာဖက်ကုန်း၊ ကန်ကြီးအောက်၊ မင်းကုန်း၊ ကျောက်ပြားတောင်၊ ကျီတိုင်ကုန်း၊ ရွာပုလဲလေး၊ ရွာပုလဲလေးကျေးရွာများနဲ့ မြို့ပေါ်ရပ်ကွက်တချို့ကို ဇေယျသုခရေလှူသင်းက သောက်သုံးရေများ ပို့ဆောင်လှူဒါန်းပေးလျက် ရှိပါတယ်” ဟု အသင်းအတွင်းရေးမှူး ဦးမြင့်ဆွေက ပြောသည်။
ဇေယျသုခရေလှူ အသင်းကို ပရဟိတဆောင်ရွက်လိုသူ သာစည်ဒေသခံများ၊ အသင်းအဖွဲ့များဖြင့် ဖွဲ့စည်းထားသည်။ စေတနာရှင် အလှူရှင်များ လှူဒါန်းပံ့ပိုးကူညီမှုဖြင့် စက်ရေတွင်းများမှ သောက်သုံးရေများကို ရေသယ်ယာဉ် ၄ စီးဖြင့် သယ်ဆောင်၍ နွေရာသီကာလ သောက်သုံးရေရှားပါး၍ အကူအညီတောင်းခံသည့် ရပ်ကွက်၊ ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်းပေးလျက်ရှိသည်။
ချမ်းသာ (မိတ္ထီလာ)


