ဆစ်ဒနီ မေ ၂၁

 

ဩစတြေးလျနိုင်ငံ နယူးဆော့ဝေး ပြည်နယ်၌ ရေကြီးရေလျှံမှုများ ကြောင့် လူပေါင်း ၄၈၈၀၀ အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရသည်။

 

ဆစ်ဒနီမြို့ အရှေ့မြောက် ဘက် ကီလိုမီတာ ၂၀၀ အကွာ၌ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၄၈၈၀၀ နှင့် လူနေအိမ် ၂၃၂၀၀ အဆက်အသွယ် ပြတ်တောက်ခဲ့ ကြောင်း နယူးဆော့ဝေးပြည်နယ် အရေးပေါ် ဝန်ဆောင်မှုဌာနက မေ ၂၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။ မြောက်ဘက် ကမ်းရိုးတန်းနှင့် အနီးတစ်ဝိုက် ဒေသများတွင် လေးရက် ဆက်တိုက် မိုးရွာသွန်းမှုကြောင့် စံချိန်တင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ နယူးဆော့ဝေး ပြည်နယ် အရေးပေါ်ဝန်ဆောင်မှု ဌာနက သတိပေးစာ ၁၀၉ စောင် ထုတ်ပြန်ထားပြီး သဘာဝဘေး သင့်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် အမိန့်ပေးထားသည်။

 

ကယ်ဆယ်ရေး စခန်းများလည်း ဖွင့်လှစ်ပေးထားသည်။ အရေးပေါ် ကယ်ဆယ်ရေး လုပ်သားများသည် ကယ်ဆယ် ရေးလုပ်ငန်းများ အကြိမ် ၄၀၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း၊ ပိတ်မိနေသူများကို ကယ်ဆယ် နိုင်ရေး ရဟတ်ယာဉ်များနှင့် စက်လှေများကို အသုံးပြုခဲ့ကြောင်း သိရသည်။

 

ရေဘေးဒဏ်သင့်ဒေသများမှ စာသင်ကျောင်း ၂၀၀ ကျော်ကို ပိတ်ထားရသည်။

ဆင်ဟွာ