မေ ၂၈
ကမ္ဘောဒီးယားနိုင်ငံအနောက်ပိုင်း ကမ်ပါအက်ပီပြည်နယ်တွင် အသက် ၁၁ နှစ်အရွယ်လူငယ်လေးတစ်ဦး H5N1 ကြက်ငှက်တုပ်ကွေးရောဂါကြောင့် သေဆုံးခဲ့ရာ ၂၀၂၅ ခုနှစ် လက်ရှိအချိန်အထိ ထိုရောဂါကြောင့် သေဆုံးသူလေးဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင်သတင်းထုတ်ပြန်ထားသည်။
ပတ်စ်တာအင်စတီကျု့၏ဆေးစစ်ချက်ရလဒ်အရ ၎င်းလူငယ်တွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားကြောင်း ၂၀၂၅ မေ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။ ၎င်းဖျားနာမှုမဖြစ်ပွားမီ ၎င်း၏နေအိမ်အနီးရှိ ကြက်နှင့်ဘဲများဖျားနာသေဆုံးမှုများရှိသည်ဟု စုံစမ်းမေးမြန်းမှုများအရ သိရသည်။
ယခုနှစ်လက်ရှိအချိန်အထိ H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူလေးဦးစလုံးသည် ရောဂါရှိသေဆုံးသောကြက်ငှက်များနှင့် မကြာသေးမီကထိတွေ့မှုရှိခဲ့သူများဖြစ်သည်ဟု သိရသည်။
ကြက်ငှက်တုပ်ကွေးရောဂါသည် ပြည်သူများ၏ကျန်းမာရေးကိုခြိမ်းခြောက်မှုများရှိနေဆဲဖြစ်ရာ ယင်းရောဂါဖြစ်ပွားသော၊ သေဆုံးသောကြက်ငှက်များကိုစားသုံးခြင်းမပြုကြရန်နှင့် သတိရှိကြရန် ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။
၂၀၀၃ ခုနှစ်မှလက်ရှိအချိန်အထိ H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၄၇ ဦးအပါအဝင် ယင်းရောဂါဖြစ်ပွားသူ ၇၆ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


