ဘုတလင် ၁၁ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် Tech United Power ကုမ္ပဏီတို့ ပူးပေါင်းပြီး ဘုတလင်မြို့နယ်၊ ဆည်ဝကျေးရွာ၊ ကွင်းအမှတ်(၁၄၅)တွင် အဆင့်မြင့်လယ်ယာမြေ ဧက(၁၀ဝ) ဖော်ထုတ်ခြင်းလုပ်ငန်းကို ယခုမတ်လဆန်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်း၏ ပြောပြချက်အရ သိရသည်။
အဆိုပါ အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်(၉)စီး၊ Tech United Power ကုမ္ပဏီမှ မြေထိုး၊ မြေကော်ယာဉ်(၁)စီးတို့ဖြင့် လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိသည်။
လယ်ယာမြေ ဧက(၁၀ဝ)ကို လယ်တစ်ကွက်လျှင် အလျား(၃၆၃)ပေ၊ အနံ(၁၂၀)ပေနှုန်းဖြင့် အဆင့်မြင့် လယ်ကွက်ပေါင်း(၁၀ဝ)ကွက်ကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်မှု တစ်ဧက ကုန်ကျစရိတ်မှာ (၇ ဒသမ ၅၃)သိန်း ဖြစ်ပါကြောင်း၊ အဆင့်မြင့် လယ်ယာမြေတွင် ရေသွင်း၊ ရေထုတ်မြောင်းများ ပါရှိသည့်အတွက် ရေကို လိုအပ်သလို သွင်းထုတ်နိုင်ပြီး လယ်ကွက်အတွင်းရှိ ရေအနည်းအများကို ထိန်းညှိပေးနိုင်သည့်အတွက် စပါးပင်ပွားကို မျှတစွာ ရရှိနိုင်ခြင်းကြောင့် သီးနှံအထွက်နှုန်း တိုးတက်စေပါကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ပြောပြသည်။
အဆင့်မြင့်လယ်ယာ ဖော်ထုတ်ရာတွင် ကုန်ထုတ်လမ်းရှိခြင်း၊ စက်စွမ်းအားပြည့် အသုံးပြုနိုင်ရန် လုံလောက်သော အကျယ်အဝန်းရှိခြင်း၊ ထောင့်မှန်စတုဂံ ဖြစ်၍ အလျား၊ အနံ (၃း၁)ခန့်ရှိခြင်း၊ လယ်မြေမျက်နှာပြင် ညီညာမှုရှိခြင်း၊ ရေသွင်းမြောင်း၊ ရေနုတ်မြောင်းရှိခြင်း၊ ကန်သင်းများ ကောင်းမွန်ခြင်းနှင့် သဘာဝ မြေသြဇာ ပြည့်စုံကောင်းမွန်ခြင်း စသည့် အင်္ဂါရပ်များနှင့်အညီ စနစ်တကျ ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


