မန္တလေး ၁၁ မတ်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် မြဝတီမင်းကြီးလမ်းဒေါင့်ရှိ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအေးမင်းသူက အမှာစကားပြောကြားခဲ့သည်။
သင်တန်းသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဆက်စပ်ဌာနဆိုင်ရာများမှ သင်တန်းသား သင်တန်းသူ (၅၀)ဦးဖြင့် မတ် ၁၁ ရက် ၁၅ ရက်ထိ (၅)ကြာ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်သည်။
အဆိုပါ သင်တန်းတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများနှင့် သဘောတရားများ၊ မြန်မာနိုင်ငံ သဘာဝ ဘေးအန္တရာယ်များအကြောင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ ထိခိုက်ခံရမှု ထိတွေ့နိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများ၊ ဘေးအန္တရာယ် ဆုံးရှုံးနိုင်ခြေ လျော့ပါးရေးနှင့် ပတ်ဝန်းကျင်းထိန်းသိမ်းခြင်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ ကြိုတင်အသိပေးစနစ်ပေါ် ခြုံငုံသုံးသပ်ခြင်း၊ ရပ်ရွာလူထု အခြေခံသော ဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး၊ အရေးပေါ် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးခြင်း၊ ရှေးဦးသူနာပြု လက်တွေ့ဆောင်ရွက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ လူမှုရေးနှင့် သက်ဆိုင်သော ပံ့ပိုးမှုပေးခြင်း၊ အရေးပေါ်ကာလ ပြည်သူ့ကျန်းမာရေး လုပ်ဆောင်ခြင်း၊ အရေးပေါ်ကာလ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ဘေးအန္တရာယ်ဖြစ်ပြီးကာလ ပျက်စီးမှုနှင့် ဆုံးရှုံးမှု ဆန်းစစ်အကဲဖြတ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လက်တွေ့လုပ်ဆောင်မှုများနှင့် သဏ္ဌာန်တူလေ့ကျင့် လုပ်ဆောင်ခြင်း အစရှိသော ဘာသာရပ်များအား သင်တန်းနည်းပြများမှ အုပ်စုဖွဲ့ဆွေးနွေး ပို့ချသွားမည် ဖြစ်သည်။
အဆိုပါသင်တန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


