ရန်ကုန် ၁၁ မတ် 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကရင်ပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးတို့သည် ယမန် နေ့နံနက်ပိုင်းက ကရင်ပြည်နယ် မြဝတီမြို့သို့ ရောက်ရှိပြီး တက္ကသိုလ်ဝင်တန်းဖြေဆို နေကြသည့် ကျောင်းသား ကျောင်းသူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။ 

 

1

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေးကေ့ကော် ငြိမ်းချမ်းရေးကျေးရွာရှိ “ဒူပလာ” ပညာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ(၄၆)ဦး တည်းခိုနေသည့် အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း၊ ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ ပညာသင်ကြားသော “SAW” ပညာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ (၁၉)ဦး တည်းခိုနေသည့် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် မြဝတီမူလတန်းလွန်ကျောင်း၊ “ဆာသူးလေ” ပညာသင်ကျောင်းမှ ကျောင်းသားကျောင်းသူ (၆၄)ဦး တည်းခိုနေသည့် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မဟာစည်ဘုန်းတော်ကြီးကျောင်းနှင့် “သွေးသစ်” ပညာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ(၅၄)ဦး တည်းခိုနေသည့် မြဝတီမြို့ မိကျောင်းကုန်းရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသားကျောင်းသူများအား အားပေးစကားများပြောကြားကာ ကျောင်းသားကျောင်းသူများအတွက် ခေါက်ဆွဲခြောက်ထုတ်များ ပေးအပ်သည်။

 

22

 

ယမန်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ “ဆာသူးလေ” ပညာသင်ကျောင်းမှ(၄၈)ဦး၊ “SAW” ပညာသင် ကျောင်းမှ(၁၉)ဦး၊ “သွေးသစ်” ပညာသင်ကျောင်းမှ (၅၄)ဦး စုစုပေါင်း (၁၂၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး (၂၅) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဘားအံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကော့ကျိုက်) စာစစ်ဌာနများသို့လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းနှင့် ပေါင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(မုတ္တမ) စာစစ်ဌာနများသို့လည်း ကောင်းသွားရောက်၍ ကျောင်းသား ကျောင်းသူများ၏ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေမှုများနှင့် ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ၏ စာမေးပွဲလုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ကရင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက် ဖြေဆိုသူ စုစုပေါင်း (၂၀၇၃၀) ဦးရှိပြီး မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၃၀၅၇၉) ဦးရှိကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)