နေပြည်တော် ၁၁ မတ်
၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ကျင်းပသည့် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးဗဟိုကော်မတီ (ပထမကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားလိုက်သည်။
ပြည်ထောင်စုဝန်ကြီးက ကြားဖြတ်သန်းခေါင်စာရင်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ အတွင်း သီတင်းပတ် ၂ ပတ်ခန့်အကြာ ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ခရိုင်အဆင့် ကိုယ်စားပြုသည့် အညွှန်းကိန်းများရရှိနိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နမူနာ ကောက်ကွက်ပေါင်း ၄၃၀ဝ ခန့်ကို ရွေးချယ်ကောက်ယူ သွားမည်ဖြစ်ပါကြောင်း၊ စာရင်း ကောက်ယူရာတွင် Computer - Assisted Personal Interviewing (CAPI) နည်းစနစ်ကို အသုံးပြုပြီး Mobile Tablet ဖြင့် ကောက်ယူမည်ဖြစ်ပါကြောင်းနှင့် ကောက်ယူရရှိလာသည့် အချက်အလက်များကို ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် အတည်ပြု ထုတ်ပြန်နိုင်ရန် လျာထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည့် ယနေ့အချိန်တွင် မြန်မာနိုင်ငံ၏ လက်ရှိနှင့်အနာဂတ် လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အနီးစပ်ဆုံးမှန်ကန်စွာ ခန့်မှန်းနိုင်ရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၉ ခုနှစ်တွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် နောက်ရည်ရွယ်ချက်တစ်ခုမှာ မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် အညွှန်းကိန်းများ ရရှိနိုင်ရန်အတွက်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အပိုင်း(၄)ပိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းတို့မှာ ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်းနှင့် ဆန်းစစ်ခြင်း၊ အစီရင်ခံစာပြုစု ထုတ်ပြန်ခြင်းတို့ဖြစ်ပြီး ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတော်အစိုးရ ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူခဲ့ပြီး (၁၀)နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို နောက်တစ်ကြိမ် ထပ်မံကောက်ယူရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းအချက်အလက်များ မရရှိမီ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလတွင် မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာ သုတေသနပြုနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP)အကောင်အထည်ဖော်ရာတွင် လိုအပ်သောအညွှန်းကိန်းများ ရရှိနိုင်ရန် အတွက် "၂၀၁၉ ခုနှစ်၊ ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း" ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်၊ ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ် တစ်ခုလုံး အတွက် ဘဏ္ဍာငွေကုန်ကျစရိတ် ကျပ်သန်း နှစ်ထောင်ကျော် ကုန်ကျမည်ဟု ခန့်မှန်း တွက်ချက်ထားသည်။
ကျော်မွန်နန်း (သတင်းစဉ်)


