ပွင့်ဖြူ ၁၁ မတ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း ဌာနဆိုင်ရာရုံးများနှင့် ပြည်သူများ နွေရာသီကာလ မီးဘေးလုံခြုံစိတ်ချရမှုရှိစေရန်နှင့် မီးဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီစဉ် ဆောင်ရွက်ထားရှိစေရန် ရည်ရွယ်၍ ယနေ့ညနေ ၄ နာရီက ပွင့်ဖြူမြို့မရဲစခန်းရှိ တပ်ဖွဲ့ဝင်များအား မီးဘေးလုံခြုံရေး မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြခြင်းများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးလုံခြုံရေး လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရှိန်းမင်းထက် က ပွင့်ဖြူမြို့မရဲစခန်းရှိ တပ်ဖွဲ့ဝင်များအနေဖြင့် ပူပြင်းခြောက်သွေ့ သည့်နွေရာသီအချိန် ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်မဖြစ်စေရေးအတွက် လျှပ်စစ်မီးများကို စနစ်တကျ ကိုင်တွယ်အသုံးပြုကြရန်နှင့် မီးဘေးအန္တရာယ်ကာကွယ်ရန်အတွက် မီးသတ်ဆေးဗူးများ ၊ မီးချိတ်မီးကပ်များ ၊ သဲပုံးရေပုံးများနှင့် ရေလှောင်ကန်များတွင် ရေအပြည့် ဖြည့်တင်းဆောင်ရွက်ထားရှိရေးတို့ကို အသိပညာပေး ရှင်းလင်း ဆွေးနွေး ပြောကြားပြီး ရဲစခန်းအတွင်းရှိ တပ်ဆင်အသုံးပြုသည့် လျှပ်စစ်မီးကြိုးများနှင့် လျှပ်စစ်မိန်းပလပ်ခုံများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/ မရှိ ၊ မီးသတ်ဆေးဗူးများ အရည်အသွေးပြည့်ဝမှု ရှိ/ မရှိ တို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရှိန်းမင်းထက်နှင့် ဝန်ထမ်းများအဖွဲ့က မီးဘေးအန္တရာယ်ကြုံတွေ့ လာပါက မီးသတ်ဆေးဗူးနှင့် ရေစိုဝတ်များ အသုံးပြု၍ စနစ်တကျ မီးငြှိမ်းသတ်နည်းများကို ပွင့်ဖြူမြို့ရဲစခန်းမှူး ဒုတိယ ရဲမှူးအေးဇော်နှင့် တပ်ဖွဲ့ဝင်များအား ပညာပေး လက်တွေ့သရုပ်ပြသမှုများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး မီးဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


