နေပြည်တော် ၁၁ မတ်
UNOOSA ၊ UN-SPIDER ၊ UN-HABITAT နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် နည်းပညာပေါင်းစပ်အသုံးပြုဆောင်ရွက်နိုင်ရန် ဖွဲ့စည်းမှု ပိုင်းဆိုင်ရာ အားကောင်းစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သဘာဝဘေး နှင့်ပတ်သက်၍ ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်ရေး၊ ဖြစ်ပေါ်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ မူလအခြေအနေထက် ပိုမိုကောင်းမွန်သော အခြေဖြစ်ပေါ်ရေးနှင့်ဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့သည် ဝန်ကြီးဌာန၏ မူဝါဒတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝဘေးလျော့ပါးရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများတွင် ကမ္ဘာမြေစောင့်ကြည့်လေ့လာရေးဂြိုလ်တုများ၊ အာကာသအခြေပြုသတင်းအချက် အလက်နည်းပညာနှင့် ပထဝီဝင် သတင်းအချက် အလက်နည်းပညာများ အသုံးချနိုင်မှု စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေရေး၊ အစဉ်တစိုက်တိုးတက်ပြောင်းလဲနေသော နည်းပညာများကိုမျက်ခြေမပြတ် လိုက်ပါဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်နှင့် မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းစီမံချက်တို့ကို အကောင် အထည်ဖော်ရာတွင် အဆိုပါနည်းပညာများကို ပေါင်းစပ်ထည့်သွင်းအသုံးချ နိုင်စေရေးရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း။
၂၀၁၂ ခုနှစ်တွင် UNOOSA ၊ UN-SPIDER တို့မှ နည်းပညာပိုင်းဆိုင်ရာ အကြံပေးအဖွဲ့နှင့် ကျွမ်းကျင်သူများပါဝင်သော အဖွဲ့(၄)ဖွဲ့သည် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးလုပ်ငန်းများတွင် အာကာသ နည်းပညာများ ထည့်သွင်းအသုံးချနိုင်ရေး ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကိုပြုလုပ်ခဲ့ပြီး ယခုဆွေးနွေးပွဲမှာဒုတိယအကြိမ် ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အနေဖြင့် လုပ်ငန်းစဉ်(၃)ရပ်အတိုင်းအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း၊ အစီရင်ခံစာတင်သွင်းခြင်း၊ သင်တန်းများကျင်းပခြင်းတို့အပြင် အောင်မြင်တိုးတက်မှုများနှင့်ထည့်သွင်း လုပ်ဆောင်ရမည့် အချက်များကို သုတေသနပြု ဆန်းစစ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်လည်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းစီမံချက် (၂၀၁၇)တွင်လည်း အာကာသနည်းပညာနှင့် ပထဝီဝင်သတင်းအချက် အလက်နည်းပညာများကို အသုံးပြုဆောင်ရွက်ရသည့် ဦးစားပေးလုပ်ငန်းများကို ထည့်သွင်းသတ်မှတ်နိုင်ခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအဆင့်တိုင်းတွင် အာကာသသိပ္ပံနှင့်နည်းပညာရပ်များထည့်သွင်း အသုံးချနိုင်ရေး၊ သတင်းအချက် အလက်အပြန် အလှန်ဝေမျှခြင်းဖြင့် အဖွဲ့အစည်းများအကြား ချိတ်ဆက်ဆောင်ရွက်မှုများကို တိုးတက်မြန်ဆန်ကောင်းမွန်လာစေရေးနှင့် ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုများအပါအဝင် လူသားအရင်းအမြစ် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ မြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းဆွေးနွေး ပြောကြားသည်။
ထို့နောက် UN-HABITAT, Country Programme Manager Mr.Bijay Karmacharya နှင့် UN_SPIDER,SeriorProgramme Officer DrShirishRavanတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် အလျင်အမြန် တုံ့ပြန်နိုင်ရေးလုပ်ငန်းများတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် နည်းပညာများ အသုံးချနိုင်မှုအတွက် လိုအပ်လျက်ရှိသော ဘာသာရပ်ပိုင်းဆိုင်ရာအတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးကြသည်။
(သတင်းစဉ်)


