နေပြည်တော် ၁၁ မတ်

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် တည်ဆောက်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ကျန်စစ်မင်း အိမ်ရာစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ထွန်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တို့က ကျန်စစ်မင်းအိမ်ရာဖွင့်ပွဲမုဒ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် ကျန်စစ်မင်းအိမ်ရာဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌတို့က သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြသည်။

 

mdn

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ကျန်စစ်မင်း အိမ်ရှိ အိမ်ခန်းများကို လှည့်လည်ကြည့်ရှုပြီး အိမ်ရာနေထိုင်သူ မိသားစုများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ကာ အိမ်ရာစီမံကိန်းအတွင်း မော်တော်ယဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ကျန်စစ်မင်းအိမ်ရာစီမံကိန်းအပိုင်း(၁) ကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး Master Plan အရ အဆောက်အဦ ၇၃ လုံးနှင့် အခန်း ပေါင်း  ၂၃၇၂  ခန်းပါဝင်၍ တည်ဆောက်ပြီး အိမ်ရာများအနက် အဆောက်အဦ ၁၈ လုံးမှ အခန်းပေါင်း ၃၀၇ ခန်းကို အများပြည်သူသို့ ငွေလက်ငင်းပေးချေသည့်စနစ်၃၀ ရာခိုင်နှုန်း Down  Payment  ပေးချေပြီး CHID  ဘဏ်မှ ချေးငွေရယူသည့် စနစ်တို့ဖြင့် ရောင်းချ ပေးခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ တည်ဆောက်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့်အခန်းများကို အများပြည်သူသို့  ပွင့်လင်းမြင်သာစွာ ရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။

(သတင်းစဉ်)

 

mdn