နေပြည်တော်   ၁၁   မတ် 


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့်အဖွဲ့ဝင် ဦးညွန့်ဆွေတို့သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဆောက်အအုံ၌ မတ် ၄ ရက်မှ ၆ ရက်အထိ ကျင်းပ သော အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး၏ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။


အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးကို ကုလသမဂ္ဂက ကမကထပြု၍ဖွဲ့စည်းထားပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင်အဖွဲ့အစည်းပေါင်း (၁၂၂)ဖွဲ့ရှိသည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဆိုပါအဖွဲ့ကြီးက ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီမှ စတင်၍ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။


အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါ ကမ္ဘာ့အဖွဲ့ကြီး၏ နှစ်ပတ်လည်အစည်းအဝေးအပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ လူ့အခွင့်အရေး အတွက် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများက ၎င်းတို့၏တာဝန်ဝတ္တရားများနှင့်အညီ ဆောင်ရွက်ရေးကိစ္စ အသိပညာဖလှယ်မှုဆွေးနွေးပွဲသို့ လည်းကောင်း၊ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်းကျင်းပသော ဆွေးနွေးပွဲဖြစ်သည့် ရွှေ့ပြောင်းသွားလာမှုနှင့် စပ်လျဉ်း၍ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် လူ့အခွင့်အရေးကိုအခြေခံ၍ အမျိုးသမီးအခွင့် အရေး အလေးထားဆောင်ရွက်ရေးဆွေးနွေးပွဲသို့လည်းကောင်း၊ အာရှပစိဖိတ် အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများ ဖိုရမ်အစည်းအဝေးသို့လည်းကောင်း၊ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်နှင့် ဂျီနီဗာမြို့အခြေစိုက် ညှဉ်းပန်းနှိပ်စက်မှုတားဆီးကာကွယ် ရေးအဖွဲ့တို့ပူးပေါင်းကျင်းပသည့် အဖွဲ့အစည်းနှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးသို့ လည်းကောင်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ 


(သတင်းစဉ်)