ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ   ပွဲစဉ် (၁) မှ   ရီးရဲမက်ဒရစ်အသင်းနှင့် ဆော်ဒီအာရေဗျကလပ်  အယ်ဟီ လယ်အသင်းပွဲစဉ်ကို ဇွန် ၁၉ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ ဗယ်လ်ဗာဒီပယ်နယ်တီ အဆုံးသတ်သွင်းယူမှု   လွဲချော်ခဲ့သည့်အတွက်    တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။

အဆိုပါပွဲစဉ်သို့  ပရိသတ် ၆၂၀၀၀ ကျော်  လာရောက်ကြည့်ရှုခဲ့သည်။   အယ်ဟီလယ်အသင်း သည်    ပွဲအစပိုင်းတွင် နာမည်ကြီး ရီးရဲမက်ဒရစ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့သော်လည်း  နောက်ပိုင်း ပွဲချိန်များတွင် ပြိုင်ဘက်အသင်း၏    ဖိအားပေးတိုက်စစ်ဆင်မှုများကိုသာ    ခုခံကာကွယ်ခဲ့ရသည်။

ဦးဆောင်ဂိုးကို  ရီးရဲမက်ဒရစ်အသင်းက စတင်ရရှိခဲ့ပြီး  ပွဲကစားချိန် ၃၄ မိနစ်တွင် ရိုဒရီ၏   ဖန်တီးမှု ကို   ဂါစီယာက  အမှားအယွင်းမရှိ သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရပြီးနောက် ပြိုင်ဘက် အယ်ဟီလယ်အသင်းကလည်း ချေပဂိုးရရှိရေး ကြိုးပမ်းလာခဲ့ရာ ပွဲကစား ချိန် ၄၁ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် နီဗက်စ်က သွင်းယူပေးခဲ့သည်။

ပွဲကစားချိန်ပြည့်ခါနီးတွင် ရီးရဲမက်ဒရစ်အသင်း ပယ်နယ်တီကန်သွင်းရရှိခဲ့သော်လည်း  ဗယ်လ်ဗာဒီ  ကန်သွင်းမှုလွဲချော်ခဲ့သည့်အတွက် နစ်နာခဲ့ရသည်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှ   အခြားပွဲစဉ်ရလဒ် များတွင်   ဂျူဗင်တပ်စ်က ယူအေအီးကလပ်   အယ်အိန်းအသင်းကို တိုက်စစ်ခြေစွမ်းပြ ကာ  ငါးဂိုး-ဂိုးမရှိ၊ ဆောလ်ဘတ်က မက္ကဆီကိုကလပ်  ပါချူကာအသင်းကို အကြိတ်အနယ်ကစားပြီး  နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲအသီးသီးရရှိခဲ့သည်။

အောင်ဇော်