နတ်တလင်း   ၁၂  မတ်


စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးမှုးပြီး စက်ရေတွင်းပြင်ဆင် ထိန်းသိမ်းခြင်းနှင့် ပိုက်ဆက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၁ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပေါက်တုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။


ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး ၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်နိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှုး ဦးဝင်းနိုင်ထွန်း၊ ဒုဦးစီးမှုး ဒေါ်ခင်သက်၊ ကျေးရွာအုပ်ချုပ်ရေးမှုး ဦးခင်မောင်ဝေ အထောက်အကူပြု အဖွဲ့နှင့်သင်တန်းသား (၂၀) ဦး စုစုပေါင်း (၄၀)ဦး တက်ရောက်ကြသည်။


သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေး/လက်ဦးစီးမှုးမှ ဒေသနေပြည်သူများသောက်သုံးရေ အဆင်ပြေရန်နှင့် ကျေးလက်ဒေသများတွင် စက်တွင်းများ တူးဖော်ပေးထားသော်လည်း ပြင်ဆင်ထိန်းသိမ်းနည်းများ ရေသယ်မှုစက်တွင် တူးဖော်ရာ ပိုက်များဆက်၍ လုပ်ဆောင်မှုများတတ်ကျွမ်းနားလည်စေရန် ရည်ရွယ်ချက်များဖြင့် ကျွမ်းကျင်သောပညာရှင်များက နည်းစနစ် မှန်ကန်စွာ ပြုလုပ်နိုင်ရန် အခမဲ့သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ဆရာများ၏ သင်ကြားမှု စာတွေ့လက်တွေ့ဘာသာရပ်များ သေချာစွာ မှတ်သားနာယူကြပြီး မိမိတို့ ဒေသအတွက်လူနေမှုဘဝ တိုးတက်လာစေပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ကြရန် ပြောကြားသည်။


ဆက်လက်၍ သင်တန်းသားများအား သင်ထောက်ကူ ပစ္စည်းများကိုတာဝန်ရှိသူများက ပေးအပ်ကြောင်းနှင့် သင်တန်းကာလမှာ မတ်လ ၁၁ ရက်မှ ၂၁ ရက်အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


တင်မြင့် (နတ်တလင်း)