တာချီလိတ် ၁၂ မတ်
သုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် ကုန်ပစ္စည်းနှင့် သက်တမ်းလွန် ကုန်ပစ္စည်းများကြောင့် သုံးစွဲသူပြည်သူများ အန္တရာယ် မဖြစ်ပွားစေရန် ရည်ရွယ်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)နှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တာချီလိတ်မြို့၊ ဝမ်ကောင်းဈေး၌ မတ်လ ၁၁ ရက် မွန်းလွဲပိုင်းက ဝင်ရောက်စစ်ဆေးခဲ့သည်။
ရှေးဦးစွာ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၊ တာချီလိတ်ခရိုင် (FDA) တာဝန်ခံ ဦးအောင်တိုး၊ ဆေးဝါးကွပ်ကဲရေးဌာန၊ စားသုံးသူရေးရာဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာဌာန၊ တိ/မွေး/ကုနှင့် မြိုနယ်အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ကြေညာထားသည့် သုံးစွဲရန်မသင့် ကုန်ပစ္စည်းများ၊ သက်တမ်းလွန် ကုန်ပစ္စည်းများနှင့် တရားမဝင် ဆေးဝါများကို ဝမ်ကောင်းဈေးအတွင်းရှိ ဈေးဆိုင်များတွင် ရောင်းချနေခြင်း ရှိ၊ မရှိကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး အစားအသောက်များထဲတွင် ခံတွင်းကင်ဆာ ဖြစ်စေသော ကန့်ဓာတ်ပါဝင်မှု ရှိ/မရှိကိုလည်း ဓာတ်ခွဲ စစ်ဆေးခဲ့ကြကြောင်း သိရသည်။
“FDA က တားမြစ်ထားတဲ့ ပစ္စည်းတွေ စာရင်းထုတ်ပြန်တာ ဒုတိယကြိမ်နှင့် တတိယကြိမ်လောက်ဆိုရင် ကျွန်တော်တို့ တစ်ခါကွင်းဆင်းပြီး စစ်ဆေးပါတယ်။ စစ်ဆေးလို့ တွေ့ရင် သိမ်းပြီးတော့ ဖျက်ဆီးပစ်ပါတယ်။ သုံးစွဲရန်မသင့်တဲ့ ကုန်ပစ္စည်းစာရင်းကိုလည်း စာအုပ်ချုပ်ပြီး ဈေးခေါင်းရုံးမှာ ပေးထားပါတယ်” ဟု တာချီလိတ်ခရိုင်(FDA) တာဝန်ခံ ဦးအောင်တိုးက ပြောသည်။
အဆိုပါ သက်တမ်းလွန်သည့် စားသောက်ကုန်များ ရောင်းဝယ်မှုကို ပထမတစ်ကြိမ် သတိပေး၊ မရောင်းချရန် တားမြစ်ခြင်းကိုလည်းကောင်း။ ဒုတိယတစ်ကြိမ် သတိပေး၊ မရောင်းချရန် တားမြစ်ခြင်းကိုလည်းကောင်း၊ တတိယအကြိမ်တွင် ပစ္စည်းများကို သိမ်းဆည်းကာ ဖျက်ဆီးအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)


