မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ငရုတ်သီးကို မြစ်သားမြို့နယ်အတွင်း ၁၃၆၉ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ငရုတ်သီးကို မေလတွင် စိုက်ပျိုး၍ စိုက်ပျိုးပြီး လေးလခန့် အကြာတွင် ခူးဆွတ်ရကြောင်း၊ ၆၉၂ မျိုး၊ သာမိုမျိုးနှင့် ဒီမွန်မျိုးများကို စိုက်ပျိုးကြကြောင်း၊ မျိုးစေ့ကို ပျိုးထောင်၍ ငရုတ်ပျိုးပင်သက်တမ်း တစ်လသား အရွယ်တွင် ပင်ခြားတန်းခြား တစ်ပေခြားဖြင့် စိုက်ပေါင်၌ စိုက်ပျိုးရကြောင်း၊ မျိုး၊ သွင်းအား စု၊ လုပ်သားခအပါအဝင် တစ်ဧက လျှင် စုစုပေါင်းငွေကျပ် ၁၅ သိန်းခန့်ကုန်ကျ၍ ယခင်နှစ်က ငရုတ်သီးအခြောက် ပိဿာချိန် ၄၀၀-၅၀၀ ခန့် ထွက်ရှိကြောင်း၊ ယခုအချိန်တွင် ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ငရုတ်သီးထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းများ ကောင်းမွန်ပါက တောင်သူများ အနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ငရုတ်စိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
DOCA (မန္တလေး)


