မန္တလေး ၁၂ မတ်
ယခုနှစ် မန္တလေး သင်္ကြန်ပွဲတော် ကာလအတွင်း မီးသတ်ပိုက်များဖြင့် ရေပက်ကစားပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
မီးသတ်ပိုက်များဖြင့် ရေကစားခြင်းများကြောင့် သင်္ကြန်ရေပက်ခံထွက်သူများ၏ ကိုယ်ခန္ဓာတွင် ထိခိုက်ပွန်းပဲ့မှုများအပြင် အခြားသော ထိခိုက်မှုများလည်း ရှိနိုင်သည့်အတွက် မီးသတ်ပိုက်ဖြင့် ရေကစားခွင့်ကို ကန့်သတ်ခြင်းဖြစ်သည်။
"အရင်နှစ်က ကျုံးဘေးမှာ မီးသတ်ပိုက်ခေါင်းများ တပ်ဆင်ပြီး ရေကစားခြင်းကို ခွင့်မပြုပဲ ကစားကြတာတွေတွေ့လို့ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ ဒီနှစ်မှာတော့ မီးသတ်ပိုက်တွေနဲ့ ကစားတာကို လုံးဝခွင့်ပြုသွားမှာ မဟုတ်ပါဘူး" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။
ယခင်နှစ် သင်္ကြန်ကာလ အတွင်းတွင် မီးသတ်ရေပိုက်ခေါင်း ၆၀ သိမ်းဆည်းမိခဲ့ပြီး ယင်းသို့ ရေကစားသူများကို အရေးမယူခဲ့ခြင်း မရှိပေမယ့် ယခုနှစ်တွင် အရေးယူနိုင်အောင် စီစဉ်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
မီးသတ်ပိုက်ဖြင့် ရေပက်သူများသည် ရေပတ်ခံထွက်သူများကို မျက်နှာနှင့် ခန္ဓာကိုယ်များကို ပြင်းထန်သည့် ရေအားဖြင့် ပက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိခဲ့သည်။
သူရိန်လင်း


