ပွင့်ဖြူ  ၁၂ မတ် 

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သော ရွာသစ်ကျေးရွာ ကုန်ထုတ်လမ်းမှာ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

ရွာသစ်ကျေးရွာ ကုန်ထုတ်လမ်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၃၈ ဒသမ ၇၈ သန်းဖြင့် အလျား ၁ မိုင် ၅ ဒဿမ ၈ ဖာလုံ၊ အကျယ် ၁၀ ပေ၊ ထု ၉ လက်မ မြေနီ ကျောက်စရစ်ခင်းခြင်း လုပ်ငန်းဖြစ်ပြီး ခင်ဇော်တိုးကုမ္ပဏီမှ ဖေဖော်ဝါရီလဆန်း ပိုင်းကတည်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ အဆိုပါလုပ်ငန်း တစ်ခုလုံးပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောကြားသည်။

 

1.02

 

အဆိုပါ ကုန်ထုတ်လမ်း ဖောက်လုပ်ပေးမှု့ကြောင့် တောင်သူဦးရေ ၁၀ဝ ကျော်တို့၏ လယ်မြေဧက  ၃၀ဝ ခန့်အား အကျိုးပြုမည်ဖြစ်ပြီး ယင်းလယ်များမှထွက်သော စပါးနှင့် အခြားသီးနှံများ ဈေးကွက်သို့ အချိန်မီရောက်ရှိပြီး ဈေးကောင်းများ ရရှိနိုင်မည်ဖြစ်သည်ဟု မြို့နယ်ဦးစီးမှူးက ဆက်လက် ပြောကြားသည်။

 

အဆိုပါ ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု့ကိုယနေ့ နံနက်ပိုင်းက မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး (ဒုတိယ ညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းများက သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မှီ မှု ရှိ မရှိ ကွင်းဆင်းကြည့်ရှု့ကာ လိုအပ်သည်များ မှာကြားသည်။

 

“ကျွန်တော်တို့ရွာမှာ မိုးစပါး နွေစပါး နှစ်သီးစိုက် လယ်ဧက  ၃၀ဝ ခန့်ရှိပြီး ကုန်ထုတ်လမ်း မရှိတဲ့အတွက် ဒေသထွက်ကုန်တွေကို ရေဆိုးထုတ်မြောင်းကနေ ခက်ခဲစွာ ဖြတ်သန်းသွားလာ သယ်ယူ နေရပါတယ်၊ လယ်ယာသုံးစက်ကြီးတွေ ဝင်ထွက်ဖို့ ခက်တဲ့အတွက် ထွက်ကုန်တွေ ဈေးကွက်ကို အချိန်မီ မရောက်နိုင်တဲ့အတွက် နစ်နာမှုတွေ ကြုံတွေ့ခဲ့ရတယ်။ ယခုအချိန်မှာတော့ ကုန်ထုတ်လမ်း ပြီးစီးသွားပြီဖြစ်တဲ့အတွက် လယ်ယာထွက်ကုန်တွေကို ပွင့်ဖြူ၊ မင်းဘူးမြို့ရှိ ဈေးကွက်သို့ အချိန်ကုန် စရိတ်သက်သာစွာတင်ပို့ ရောင်းချ သွားနိုင်တော့မည်” ဟု ရွာသစ်ကျေးရွာနေ တောင်သူ ဦးဟန်မင်းအောင် က ပြောသည်။

 

ဆက်လက်၍ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာများ၌ ကျေးလက်ဒေသ ရေရရှိရေး၊ ကုန်ထုတ်လမ်းဖောက်လုပ်ရေး၊ ဆိုလာ မီးလင်းရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လာမည့်နှစ်များတွင်လည်း အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု  မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

 

ငြိမ်းသူ(စလင်း)

 

2.036