မကွေး ၁၂ မတ်
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တင်ပြချက်အရ ၂၀၁၉ ခုနှစ် ဧပြီလကုန်မှစ၍ အပတ်စဉ်အင်္ဂါနေ့တိုင်း ရန်ကုန် - မကွေး -ရန်ကုန် လေယာဉ်ခရီးစဉ်များ ပြန်လည်စမ်းသပ်ပြေးဆွဲရန် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက စီစဉ်ထားကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံမှ သိရသည်။
မကွေးလေဆိပ်၌ တစ်ပတ်လျင်နှစ်ကြိမ် (တနင်္လာနေ့ နှင့် သောကြာနေ့များတွင်) လေယာဉ်ခရီးစဉ် ပြေးဆွဲပေးနိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က တင်ပြခဲ့ပြီး နောက်ပိုင်း အဖြေတစ်ခု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
မြန်မာ့လေကြောင်းလိုင်းအနေဖြင့် ရန်ကုန်-မကွေး-ရန်ကုန်ခရီးစဉ်သည် ခရီးသည်ရနိုင်မှု နည်းပါးပြီး ကုန်ကျစရိတ် နှင့် ဝင်ငွေရရှိမှု မကာမိနိုင်သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ပြမှုအရ ၂၀၁၉ ဧပြီလကုန်မှစ၍ အပတ်စဉ်အင်္ဂါနေ့တိုင်း Caravan အမျိုးအစားလေယာဉ်ဖြင့် ရန်ကုန်-မကွေးခရီးစဉ်ကို နံနက် ၈ နာရီမှ ၉ နာရီခွဲထိလည်းကောင်း၊ မကွေး-ရန်ကုန် ခရီးစဉ်ကို နံနက် ၁၀ နာရီ မှ ၁၁ နာရီခွဲထိလည်းကောင်း စတင်စမ်းသပ်ပြေးဆွဲရန် စီစဉ်ထားကြောင်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ပြီး ဝန်ကြီးဌာန၏ တင်ပြမှုအား မကွေးတိုင်း အစိုးရအဖွဲ့ သိရှိနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက မတ်လ ၄ရက်နေ့တွင် စာဖြင့် အကြောင်းကြားခဲ့ကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံမှ သိရှိရသည်။
“ ဆုံးဖြတ်ခွင့်ရှိသူတွေက ဆုံးဖြတ်ပြီးရင် သက်ဆိုင်ရာ လေကြောင်းလိုင်းတွေက ဒီဒေသမှာ ဝန်ထမ်းလိုင်ခန်းတွေ၊ ရုံးခန်းတွေ လုပ်ဖို့လိုလာမယ်။ လေယာဉ်လက်မှတ် အရောင်းဌာနတွေ မြို့ထဲမှာထားဖို့ လိုလာမယ်။ အဲတာတွေပြည့်စုံပြီးမှ လေယာဉ် ကွင်းကိစ္စ ရောက်လာမှာဗျ။ ပြည်တွင်းပြည်ပ လေယာဉ်တွေ ဆင်းနေမယ်ဆိုရင် လေဆိပ်က လုပ်ငန်းတွေလည်ပတ်ပြီး ဝင်ငွေတွေလည်းရမယ်။ ဒေသလည်းဖွံ့ဖြိုးမယ်။ ကျွန်တော်တို့ဘက်ကတော့ လေယာဉ်ဘယ်အချိန်ဆင်းဆင်း အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ထားပါတယ် ” ဟု မကွေးလေဆိပ် တာဝန်ခံ ဦးမင်းအောင် က ပြောသည်။
အကျယ်အဝန်း ၈၁၈ ဒသမ ၈၂ ဧက ပေါ်တွင်တည်ရှိပြီး ၂၀ဝ၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော မကွေးလေဆိပ်မှာ ကာလအနည်းငယ်သာ ခရီးသည်တင်လေယာဉ်များ ဆင်းသက်ပြေးဆွဲနိုင်ခဲ့ပြီး ၂၀ဝ၆ ခုနှစ် နောက်ပိုင်းမှစ၍ ခရီးသည်တင်လေယာဉ်များ ဆင်းသက်မှုမရှိတော့ကြောင်း၊ မကွေးလေဆိပ်၌ လေဆိပ်တွင်း အဆောက်အဦး မွမ်းမံပြင်ဆင်မှုများ လုပ်ဆောင်ထားပြီး လေယာဉ်များ ဆင်းသက်လိုပါက ညအချိန်များတွင်ပါ ဆင်းသက်နိုင်အောင် ဆောင်ရွက်ထားရှိကြောင်း၊ လေယာဉ်ကွင်းပါကင်မှာ ပေ ၄၀ဝ ပတ်လည်ရှိသောကြောင့် လေယာဉ် ၆ စီးဝင်ဆံ့ကာ တစ်ပြိုင်တည်း အဆင်းအတက်ပြုလုပ်နိုင်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(မကွေး) မှ သိရသည်။
ဇေယျတု(မကွေး)


