စဉ့်ကူး ၁၂ မတ် 

 

မန္တလေးတိုင်းဒသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း ကျေးရွာပေါင်း (၁၂၂)ရွာ ရှိရာ ယခု အခါ နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ကျေးရွာပေါင်း (၅၃) ရွာ လျှပ်စစ်မီးရရှိပြီး ရာခိုင်နှုန်းအားဖြင့် (၄၃.၄) ရာခိုင်နှုန်း မီးလင်းနေပြီဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် စဉ့်ကူးမြို့နယ်အတွင်း ယက္ကန်းစင်ဒေသ ကျေးရွာ (၅) ရွာ လျှပ်စစ်မီး ရရှိရေးအတွက် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၀ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညောင်ပင်ခရီးစဉ်တွင် ဒေသခံပြည်သူများ၏ တင်ပြချက်အရ မန္တလေးတိုင်းဒေကြီး ဝန်ကြီးချုပ်မှ မိုးတွင်းကာလကုန်ဆုံးသည်နှင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။ 

 

ယခုအခါ စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာမှ ညောင်ပင်၊ နေပူကုန်းကျေးရွာအထိ ၁၁ ကေဗွီဓာတ်အားလိုင်း (၆.၂၅)မိုင် တည်ဆောက်ပြီးစီးခြင်း၊ ညောင်ပင်ကျေးရွာ ၂၀ဝ ကေဗွီအေ၊ နေပူကုန်းကျေးရွာ ၂၀ဝ ကေဗွီအေ၊ ငှက်စားကျေးရွာ ၁၀ဝ ကေဗွီအေ၊ ရွှေဒုံးကျေးရွာ ၂၀ဝ ကေဗွီအေနှင့် ရွှေဂုဏ်တိုင်ကျေးရွာ ၂၀ဝ ကေဗွီအေ (၁၁/ဝ.၄) ကေဗွီ ထရန်စဖော်မာ (၅) လုံး ၊ မြောင်မြစ်ကျော် ဓာတ်အားလိုင်း (၇၂၀)ပေအား ကျပ်သန်း (၂၅၀) ခန့် ကုန်ကျခံ တည်ဆောက်ပြီးစီးပြီဖြစ်ရာ ကျေးရွာ (၅) ရွာတွင် နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် မတ် ၁၀ ရက်နေ့မှစ၍ ဓာတ်အားများဖြန့်ဖြူး ရရှိနေကြပြီဖြစ်သည်။

 

ထို့နောက် စဉ့်ကူးမြို့နယ်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးရဲ မောင်နှင့် တာဝန်ရှိသူတို့က ပြည်သူများ မီးသုံးစွဲရာတွင် သတိထားလိုက်နာကျင့်သုံးရမည် လျှပ်စစ် အန္တရာယ် သိမှတ်ဖွယ်ရာများကို ပညာပေးဟောပြောကာ လျှပ်စစ်အန္တရာယ်အသိပညာပေး လက်ကမ်းစာ စောင်များ ပေးဝေခဲ့ကြကြောင်း သိရသည်။

 

ဝင်းမောင်(စဉ့်ကူး)