ရန်ကုန်  ၁၂  မတ် 


မြန်မာရုပ်ရှင် ဇာတ်ကားတစ်ကား ဖြစ်သော်လည်း ကြည့်ရှုနေကျ အခြားဇာတ်ကားများနှင့်မတူ၊ အရီအမော၊ ဟာသအပြုံး တစ်စုံတစ်ရာမှ မပါဝင်ဘဲ လာရောက်ကြည့်ရှုသူ ပရိသတ်တို့၏ရင်ကို ဖမ်းစားထားနိုင်သည့် လှပ်၍လွင့်သော မြန်မာရုပ်ရှင် ဇာတ်ကားကြီးကို မတ်လ ၂၂ ရက်နေ့မှစ၍ မြန်မာတစ်နိုင်ငံလုံးတွင် ရုံတင်ပြသတော့မည် ဖြစ်သည်။

 

1


ခေတ်တစ်ခေတ်၏ တရားဥပဒေ စိုးမိုးမှုကို အဓိက ဖော်ကျူးထားပြီး စူးစမ်းလိုစိတ်ရှိသော လူငယ်တစ်ယောက် အနေဖြင့် မတရားမှုကို ဖော်ထုတ်နိုင်မှု၊ အမှန်တရားကို ရင်ဆိုင်နိုင်စွမ်း မရှိသော သတ္တိနည်းပါး သူတို့၏ လုပ်ရပ်၊ သည်းခံ ခွင့်လွှတ်ခြင်းထက် ဥပက္ခာသဘောကို လက်တွေ့ကိုင်စွဲသူ တစ်ယောက်၏ ဘဝငြိမ်းအေးမှုတို့ကို ဤရုပ်ရှင်ဇာတ်ကားကြီးတွင် တွေ့မြင်ရမည် ဖြစ်သည်။


အဆိုပါဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့သည့် ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေးမှ မဇင်သီယာဦးက “ဇာတ်လမ်းလေးကလည်း ကြိုက်တယ်။ ဆန်းလည်းဆန်းတဲ့ အတွက်ကြောင့် ကိုဝိုင်းနဲ့ တိုင်ပင်ပြီး ဒီကားလေးကို ထုတ်လုပ်ဖြစ်တာပါ။ သရုပ်ဆောင်တွေ အနေနဲ့ သူ့နေရာနဲ့သူ တအားကိုကြိုးစားထားပြီး အရမ်းကောင်းတဲ့ ကားလေးပါ။ တရားဥပဒေ မစိုးမိုးတဲ့အချိန်က လူသတ်မှုကို လာဘ်ထိုးပြီး လွတ်သွားတယ်ဆိုတာမျိုးကို ပြချင်တာပါ” ဟု ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖြစ်ပုံ အကြောင်းကို ပြောကြားသည်။ 


ခရေဖြူရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး စံပယ်ဖြူနု၏ဝတ္ထုကို ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် ဝိုင်းက တာဝန်ယူ ဖန်တီးထားခြင်း ဖြစ်သည်။ လှပ်၍လွင့်သော ရုပ်ရှင်ဇာတ်ကားကြီးတွင် အဓိက သရုပ်ဆောင်များအဖြစ် မို့မို့မြင့်အောင်၊ ဖွေးဖွေး၊ ခင်ဝင့်ဝါတို့ ပါဝင်ပြီး ကျော်ရဲအောင်မှာ မေတ္တာဖြင့် အထူးပါဝင် သရုပ်ဆောင်ထားသည်။ နေဆန်း၊ ဇင်မျိုး၊ ဇော်ဝင်းနိုင်(မန်း)၊ ဒေါ်နွဲ့နွဲ့စန်း၊ ဒေါ်စမ်းစမ်းဝင်း၊ သန်းသန်းစိုး၊ တင်ဇာဝင်းပြည့်၊ ဝင်းမင်းသန်း၊ အေးမင်းဖြူ၊ ဦးဘဂျမ်း၊ မင်းသစ်၊ ဘိုဘို၊ စက်ရောင်၊ ပိုင်ပိုင်၊ နွယ်နီ၊ ရွှေဖြူ၊ ဟန်နီဇော်၊ ကေသွယ်၊ အိမြတ်၊ စိုင်းရာဇာ၊ ဦးစိုးအောင်တို့ပါဝင်သရုပ်ဆောင်၍ ကလေးသရုပ်ဆောင်အဖြစ် နိုင်နိုင်းထက်၊ မြတ်ရတနာ၊ ဂျိုကာ၊ အိန်ဂျယ်ဝတ်မှုံ၊ သုမာန်အောင်၊ SFX : မိဘန်ဘန်တို့ ပါဝင်သရုပ်ဆောင်ထားသည်။  


ခရီးသွားနေသော အဝေးပြေးကားတစ်စီးပေါ်တွင် အတွေးရေယာဉ်ကြော၌ မျှောပါနေသော မိန်းကလေး တစ်ဦး၏ပုံရိပ်တို့ဖြင့် အစပြုထားသော ရုပ်ရှင်ဇာတ်ကားကြီး၌ လွန်ခဲ့သော ၁၈ နှစ်ခန့်ကဖြစ်ပွားခဲ့သော လူသတ်မှုခင်း တစ်ခုတွင် ပါဝင်ပတ်သက်ခဲ့ကြသော တရားခံဖြစ်သူ၏သမီးနှင့် တရားလိုအဖြစ် ရပ်တည်ခဲ့သူ၏ သမီးတို့ အမှတ်မထင် ပြန်ဆုံကြသောအခါတွင် ဤရုပ်ရှင်ဇာတ်လမ်းကြီး ပေါ်ပေါက်ခဲ့ပေတော့သည်။


ထင်ပေါ်ဝင်း(ကမာရွတ်)