လွိုင်ကော် ၁၂ မတ်
ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးပွား ရရှိစေရန် ရည်ရွယ်ချက်ဖြင့် လွိုင်ကော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအနုစိတ် လက်မှုပညာ သင်တန်း (၇/၂၀၁၉)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လွိုင်ကော်မြို့၊ ပန်ကန်းကျေးရွာအုပ်စု၊ ဒေါဆန်းဘွန်းကျေးရွာရှိ လူငယ်ရိပ်သာ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဒီးဒီ က အမှာစကား ပြောကြားပြီး ထို့နောက် သင်တန်းနည်းပြ ဦးကျော်ဇေယျ က ၎င်း၏လုပ်ငန်းအတွေ့အကြုံကို ပြောကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၅ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ မတ်လ ၁၁ ရက်မှ ဧပြီလ ၉ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဒီးဒီ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထိုက်၊ မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်၊ အသေးစားစက်မှုလက်မှုမှ ပြည်နယ်ဦးစီးမှူး ဦးအောင်ခန့်နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ကိုစိုင်း (လွိုင်ကော်)


