မန္တလေး ၁၂ မတ် 


မြန်မာ့သရက်ကို နိုင်ငံတကာမှ သိရှိလာစေရန်ပဉ္စမကြိမ်မြောက်မြန်မာ့သရက်သီး ပြပွဲ၊ ပြိုင်ပွဲကို မေလမှာ ကျင်းပမှာဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သရက်သီးအစု အဖွဲ့မှ သိရသည်။ 

 

1


ပဉ္စမကြိမ်မြောက်မြန်မာ့သရက်သီး ပြပွဲ၊ ပြိုင်ပွဲကို မေလ ၁၁ ရက်၊ ၁၂ ရက်များတွင် မန္တလေးမြို့ Hotel  Hazel တွင် ကျင်းပမည်ဖြစ်သည်။ "အဓိက ကတော့ ဈေးကွက်တည် ငြိမ်စေချင်တယ်။ ဖရဲသခွားတွေ တရုတ်က မဝယ်လို့ အများကြီး နစ်နာဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်။ တရုတ်က သရက်သီးတွေ အများကြီး ထုတ်လုပ်လာတယ်။ အဲတာကြောင့် ဈေးကွက် မပျက်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အခုလို ကျင်းပတာဖြစ်ပါတယ်'' ဟု မန္တလေးတိုင်းဒေကြီး သရက်သီးအစုအဖွဲ့ ဥက္ကဌ ဒေါ်သန်းသန်းဆွေကပြောသည်။ 


မြန်မာ့သရက်ကို ကမ္ဘာက သိရှိစေရန်၊ သရက်ကို GAP စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်နိုင်ရန်၊ စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအတွက် ခိုင်မာတဲ့ဈေးကွက် ချိတ်ဆက်နိုင်ရန်အတွက် ဆောင်ရွက်ခြင်း ဖြစ်သည်။ 


အဆိုပါပွဲကို  မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် တင်ပို့အသင်းနှင့် မန္တလေးတိုင်းဒေသကြီး သရက်သီး အသင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပွဲတော်ကာလအတွင်း စိုက်ပျိုးရေး ပညာရှင်များ၏ ဆွေးနွေးဟောပြောပွဲများနှင့် ပြခန်းပေါင်း ၅၀ ကျော် ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


သရက်ပြိုင်ပွဲတွင် စိန်တလုံး၊ မြကျောက်၊ ပတ္တမြားငမောက်၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ အခြားသရက် (ပြည်တွင်း)၊ အခြားသရက် (ပြည်ပ) များ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး  ပြိုင်ပွဲဝင် သရက်သီးများသည် အညှာ ၄ လက်မနှင့် နမူနာ ၅ လုံး ပေးရမည်ဖြစ်ကြောင်း သိရသည်။ 


ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမံနှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဖုန်းနံပါတ် ဝ၁- ၂၁၈၃၆၇ ၊ ဝ၉-၄၃၀၃၄၈၉၄ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။


အိမို့မို့ခိုင်