အပူပိုင်းဒေသ (၁၃) ခရိုင်အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုး ပွဲတော်များကို ဇူလိုင်လ ၁၁ ရက်နေ့က နိုင်ငံတစ်ဝန်း၌ ကျင်းပပြုလုပ်ခဲ့ရာ အပူပိုင်းဒေသ (၁၃) ခရိုင်၊ မြို့နယ် (၂၉) မြို့နယ်အတွင်း သစ်ပင်စုစုပေါင်း ၃၄၉၅၀ ကို စုပေါင်းစိုက်ပျိုးပေးခဲ့သည်။ သစ်ပင်စုပေါင်း စိုက်ပျိုးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိတ္ထီလာခရိုင် လိန်တောကြိုးပြင် ကာကွယ်တော၌ ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲ တွင် တမာပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က “ယခုကဲ့သို့ အညာဒေသ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပွဲကို နိုင်ငံတော်အဆင့် ဆောင်ရွက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးခြင်းသည် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ကောင်းမွန်သည့် ဆောင်ရွက်ချက်ပင်ဖြစ်ပြီး ပတ်ဝန်းကျင်ကောင်းအောင် ဆောင်ရွက် ပေးခြင်းပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ အညာဒေသ (၁၃)ခရိုင်သည် ပူပြင်းသော ရာသီဥတုရှိသည့်ဒေသများဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အပူဒဏ်ကို ဆိုးဆိုးရွားရွားခံစားကြရသည်။ ၂၀၂၄ ခုနှစ်တွင် ပုဂံ၊ ချောက်၊ ရေနံချောင်း၊ မင်းဘူး စသည့်ဒေသများသည် ကမ္ဘာပေါ်တွင် အပူဆုံးဒေသများ အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ရာသီဥတုပူပြင်းသည့်ကာလတွင် ပူပြင်းခြောက်သွေ့မှု၊ မိုးခေါင်ရေရှားမှုကြောင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှု ပျက်စီးပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အခက်အခဲများ ကြုံတွေ့ကြရသည်။ ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုများကြောင့် အပူရှိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်းတို့ အပါအဝင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို ကြုံတွေ့လာကြရသည်။ သဘာဝဘေးအန္တရာယ် ဆိုသည်မှာ ရှောင်လွှဲ၍မရနိုင်သော်လည်း လူတို့၏ကြိုတင်ကာကွယ်မှုများ၊ ပြုပြင် စီမံဖန်တီး ဆောင်ရွက်မှုများဖြင့် လျော့ပါးသက်သာအောင် ဆောင်ရွက်နိုင်သည်။
ယခုကဲ့သို့ နိုင်ငံတစ်ဝန်း၌ သစ်ပင်များ စိုက်ပျိုးပေးခြင်းကြောင့် အပူချိန်မှာ ချက်ချင်းလျော့ပါးသွားမည် မဟုတ်သော်လည်း အချိန်ကာလ အတိုင်းအတာတစ်ခုတွင် သစ်ပင်များကြီးထွား ရှင်သန်ဖွံ့ဖြိုးပြီး သစ်ရိပ်ဝါးရိပ်များ၏ အရိပ်အာဝါသများကြောင့် အပူဒဏ်လျော့ပါးသက်သာသွားမည်မှာ သေချာသည်။ စိမ်းလန်းစိုပြည်နေသော သစ်ပင်များ၏ မြင်ကွင်းများကို တွေ့မြင်ကြရသည့်အခါ လူတို့အနေဖြင့် မျက်စိပသာဒကို ဖြစ်ပေါ်စေပြီး စိတ်နှလုံးအေးချမ်းမှု အကျိုးကျေးဇူးကို ရရှိနိုင်သည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် နိုင်ငံတစ်ဝန်း၌ သစ်ပင်စိုက်ပျိုးပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း စဉ်ဆက်မပြတ်စိုက်ပျိုးပေး နေသည်ကို တွေ့ရမည်ဖြစ်သည်။
ယခင်ကာလများကလည်း (၉) ခရိုင် စိမ်းလန်းစိုပြည်ရေး၊ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး စီမံကိန်းများကို ပြုလုပ်ခဲ့သော်လည်း ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်မှုကို မလွန်ဆန်နိုင်ခြင်း၊ ရှင်သန်မှုအားနည်းခြင်း၊ ဒေသအခြေအနေအရ သစ်ပင်များကို တရားမဝင်ခုတ်လှဲခြင်းတို့ကြောင့် ထိုက်သင့်သည့် ရှင်သန်ဖွံ့ဖြိုးမှုများဖြစ်မလာဘဲ ပူပြင်းသည့်ဒဏ်ကို ဆက်လက်ခံစားနေကြရသည်။ ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းသည် အရင်းအနှီးများသော်လည်း စိုက်ပျိုးသည့်အပင်များ “တစ်ပင်စိုက်၊ တစ်ပင်ရှင်” စနစ်တကျ စိုက်ပျိုး ထိန်းသိမ်းသွားခြင်းအားဖြင့် (၁၃) ခရိုင် စိမ်းလန်းစိုပြည်ပြီး အပူဒဏ် လျော့နည်းကျဆင်းသွားမည်မှာ သေချာသည်။ စိုက်ပျိုးထားသည့် အပင်များအားလုံး ရှင်သန်စေရေးအတွက် တာဝန်ရှိသူများက စေတနာအပြည့်အဝဖြင့် စနစ်တကျ ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ကျဆင်းလာခြင်းကြောင့် ယခုအခါ သစ်တော ဧရိယာ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းခန့်သာ ကျန်ရှိသည်။ တစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှု ဧရိယာ ၅၀ ရာခိုင်နှုန်း ပြန်လည် ရရှိစေရန်အတွက် ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို လက်ငင်းမရနိုင်သော်လည်း နောင်ဆယ်စုနှစ်တစ်ခုအတွင်း အကျိုးခံစားနိုင်မည်ဖြစ်သည်။ ယခုအခါတွင် ယခင်က စိုက်ပျိုးထိန်းသိမ်းခဲ့ခြင်းကြောင့် သစ်ကြီးဝါးကြီး အရိပ်အာဝါသများကို ခံစားကြရသလို မိမိတို့အနေဖြင့်လည်း နောင်လာမည့် သားစဉ်မြေးဆက်ကို မိမိတို့ကဲ့သို့ ခံစားစေလိုသည့် စိတ်စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေးကို နိုင်ငံတော်အစိုးရက အရှည်မြော်တွေး၍ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ပေးနေသလို နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများကလည်း “တစ်အိမ်လျှင်တစ်ပင်” စိုက်ပျိုးကြမည်ဆိုပါက သစ်ပင်များ ရှင်သန်ဖြစ်ထွန်းပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးကို များစွာအထောက် အကူပြုမည်ဖြစ်ပါကြောင်း။
ကြေးမုံ


