မြစ်ကြီးနား ဇူလိုင် ၁၃
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြု ကစားသမားများ ရွေးချယ်လေ့ကျင့်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခဲ့သည့် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လု ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖူဆယ်ကလပ် အသင်းပေါင်း ၁၆ သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် နောင်ရာ FC အသင်းနှင့် A.K.O FC အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖူဆယ်ဘောလုံးချစ်ပရိသတ် များနှင့်အတူ တစ်ခဲနက်ကြည့်ရှု အားပေးခဲ့ကြရာ A.K.O FC ကလပ်အသင်းက ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင် ကူညီပံ့ပိုးပေးကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအတွက် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက နေရာအလိုက် အကောင်းဆုံး ကစားသမားဆုနှင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသူများအား လည်းကောင်း ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက တတိယဆုရအသင်းအတွက် လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ဒုတိယဆုရအသင်းအတွက်လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်က ပထမဆုရအသင်းအတွက်လည်း ကောင်း တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် ဂုဏ်ပြုဆုဖလားများကိုလည်း ကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့အတူ ညပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပ သော ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် နှစ်ခုရရှိခဲ့သော ပြည်နယ်ကိုယ်စားပြု ပြေးခုန်ပစ် အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမား များအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်သည်။ အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်းအားကစားနည်းများအနက် ပြေးခုန်ပစ်အားကစားနည်းသည် အားအနည်းဆုံးဖြစ်သော်လည်း ယခုလို ဆုတံဆိပ်များကို ရရှိခဲ့သည့်အတွက် အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ယနေ့ရရှိခဲ့သည့် ဆုတံဆိပ်များထက် ပိုမိုဆွတ်ခူးရရှိရေး ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း ကြိုတင်ပြင်ဆင် လေ့ကျင့်ရာတွင် လည်းကောင်း၊ လိုအပ်သည့် အားကစားအထောက်အကူ ပစ္စည်းများနှင့် လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်သည့်အတွက် ပိုမိုကြိုးစားကြရန် လိုအပ်ကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ပြည်နယ်လက်ရွေးစင်အသင်း နည်းပြက ပြိုင်ပွဲအတွေ့အကြုံများ၊ ဆုတံဆိပ်ရရှိခဲ့မှု အခြေအနေများနှင့် လာမည့်နှစ်များအတွက် ဆုများပိုမိုရရှိရေး လေ့ကျင့်ပြင်ဆင်ခြင်းဆိုင်ရာကိစ္စရပ် များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ရွေးစင်ပြေးခုန်ပစ် အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၄၀၅၀၀၀၀ အပါအဝင် ဌာနဆိုင်ရာများက စုစုပေါင်းဂုဏ်ပြု ချီးမြှင့်ငွေကျပ်သိန်း ၆၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကြရာ အသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက လက်ရွေးစင်အသင်း အုပ်ချုပ်သူ၊ နည်းပြ၊ လက်ရွေးစင်ကစားသမားများနှင့်အတူ ရိုးရာအကအလှများ၊ Malikha Music Band ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကာ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


