ဇူလိုင် ၁၄

ပါကစ္စတန်နိုင်ငံတွင် ဇွန်လ ၂၆ ရက်မှ ဇူလိုင် ၁၂ ရက်နေ့အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုများနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားမှုကြောင့် ၁၀၄ ဦးထက်မနည်းသေဆုံးပြီး အခြား  ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားအဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့(အင်န်ဒီအမ်အေ)က ယမန်နေ့က ပြောကြားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း  မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့်မတော်တဆမှုများကြောင့် ခြောက်ဦးသေဆုံးပြီး အခြား ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အင်န်ဒီအမ်အေက ဆိုသည်။

နိုင်ငံအရှေ့ပိုင်းပန်ဂျပ်ပြည်နယ်တွင် သေဆုံးသူ ၃၉ ဦးရှိရာသေဆုံးသူအရေအတွက်အများဆုံးဖြင့် စံချိန်တင်ခဲ့ပြီး ၎င်းနောက်တွင် နိုင်ငံအနောက်မြောက်ဘက် ခီဘာပါ့ထဟွာပြည်နယ်တွင် သေဆုံးသူ ၃၁ ဦး၊ တောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် ၁၇ ဦးနှင့် အနောက်တောင်ဘက် ဘာလိုချီစတန်ပြည်နယ်တွင် သေဆုံးသူ ၁၆ ဦး အသီးသီရှိကြောင်း ဖော်ပြထားသည်။

အထူးသဖြင့် မြေနိမ့်ပိုင်းနှင့် အန္တရာယ်ရှိဒေသများတွင် နေထိုင်သူများအနေဖြင့် ကြိုတင်ကာကွယ်ရေး အစီအမံများပြုလုပ်ကြရန် အာဏာပိုင်များက ဒေသခံများအားတိုက်တွန်းပြောကြားထားပြီး လာမည့်ရက်များအတွင်း မိုးများဆက်လက်ရွာသွန်းနိုင်ကြောင်း သတိပေးချက်များထုတ်ပြန်ထားသည်။ ရေဘေးအဆိုးရွားဆုံးဖြစ်ပွားသည့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို