မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဥယျာဉ်ခြံမြေများ၌ နဂါးမောက်သီးကို စိုက်ပျိုးကြကြောင်း သိရသည်။
နဂါးမောက်သီးနှံကို အစိုဓာတ်ကောင်းမွန်သော မိုးရာသီတွင် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် နဂါးမောက်ကိုင်းကူးပင်များကို ဝယ်ယူစိုက်ပျိုးပြီး ခြောက်လခန့်အကြာတွင် အသီးများစတင် သီးကြောင်း၊ နဂါးမောက်ကိုင်းကူးပင်များကို ပင်ခြား ၇ ပေ၊ တန်းခြား ၈ ပေအကွာဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် နဂါးမောက်အပင်ရေ ၂၀၀-၂၅၀ ခန့် ဝင်ဆံ့စိုက်ပျိုးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၂၅ သိန်းခန့် ကုန်ကျပြီး တစ်ဧကလျှင် နဂါးမောက်သီးအလုံး ၁၄၀၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိ သစ်သီးဆိုင်များသို့ တင်ပို့ ရောင်းချကြပြီး တစ်ဧကလျှင် ငွေကျပ် ၁၇ သိန်းကျော်ခန့်အမြတ် ရရှိရာ နဂါးမောက်သီးသည် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပြီး နဂါးမောက် သီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိကာ နှစ်စဉ်ဝင်ငွေရရှိကြောင်း သိရသည်။
DOCA (မန္တလေး)


