ရန်ကုန်    ဇူလိုင်    ၁၅

စင်ကာပူနိုင်ငံ၌  ဇူလိုင် ၁၂ ရက်မှ ၁၃  ရက်အထိ  ကျင်းပခဲ့သော   စင်ကာပူ တာတိုဖလား ကနူး၊ ကယက်လှေလှော် ပြိုင်ပွဲ (2025 Singapore Sprint Cup)တွင် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ ကနူး၊ ကယက်လှေလှော်အားကစားအဖွဲ့သည် ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ်တစ်ခု၊   ကြေးတံဆိပ် လေးခု   စုစုပေါင်း ဆုတံဆိပ် ၁၅ ခုကို ထိုက်ထိုက်တန်တန် ဆုတံဆိပ်များ ရယူနိုင်ခဲ့သည်။

စင်ကာပူတာတိုဖလား ကနူး၊ကယက် လှေလှော်ပြိုင်ပွဲတွင်  စင်ကာပူ၊   ဩစတြေးလျ၊   ဟန်ဂေရီ၊   မြန်မာ၊ မလေးရှား၊  တရုတ်(တိုင်ပေ) ပြိုင်ပွဲဝင် နိုင်ငံပေါင်း  ခြောက်နိုင်ငံမှ   ပြိုင်ပွဲဝင် အသင်း ၁၀ သင်း  ယှဉ်ပြိုင်ခဲ့ရာ   ပြိုင်ပွဲ ပထမနေ့တွင် အမျိုးသားကနူး တစ်ယောက်လှော် မီတာ ၁၀၀၀  ပြိုင်ပွဲ တွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ U-18 အမျိုးသားတစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ U-18 အမျိုးသား ကနူးတစ်ယောက်လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ U-18 အမျိုးသားကယက် တစ်ယောက်လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ပြိုင်ပွဲဒုတိယနေ့တွင် အမျိုးသား   ကနူး နှစ်ယောက်လှော်  မီတာ  ၂၀၀  ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူး လေးယောက်လှော် မီတာ ၂၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား  ကနူး တစ်ယောက်လှော် မီတာ  ၂၀၀  ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊   U-18  အမျိုးသား   ကနူးတစ်ယောက်လှော် မီတာ ၂၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို လည်းကောင်း၊  အမျိုးသား ကနူးတစ်ယောက်လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူးနှစ်ယောက်လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူး လေးယောက်လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကယက်  လေးယောက်လှော်  မီတာ  ၅၀၀  ပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုများကိုလည်းကောင်း   ဆွတ်ခူး ရရှိခဲ့ကြပြီး နိုင်ငံအလိုက် ပထမရရှိခဲ့သည်။

အောင်ပွဲရအားကစားအဖွဲ့မှ အဖွဲ့ခေါင်းဆောင်၊ အသင်းအုပ်ချုပ်သူ၊ နည်းပြအပါအဝင် အားကစား သမား စုစုပေါင်း ၁၁ ဦးတို့သည် ယမန်နေ့ည ၁၀ နာရီခွဲက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့်  တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစား အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ တာဝန်ရှိသူ များနှင့်   အားကစားသမားများ၊   အားကစားနှင့်  ကာယပညာသိပ္ပံ(ရန်ကုန်)မှ   သင်တန်းသား   သင်တန်းသူများနှင့် မိဘပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း သိရသည်။                                                 

သတင်းစဉ်