ဇူလိုင် ၁၆
ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် ဇွန် ၂၆ ရက်နောက်ပိုင်း မုတ်သုံမိုးများအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားသဖြင့် လူပေါင်း ၁၁၆ ဦးထက်မနည်း သေဆုံးကာ ၂၅၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမျိုးသားဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (အင်န်ဒီအမ်အေ)က ယမန်နေ့က ပြောသည်။
မိုးရွာသွန်းမှုနှင့် ဆက်စပ်သော ဖြစ်ရပ်များကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ငါးဦး ထပ်မံသေဆုံးကာ ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အင်န်ဒီအမ်အေက ပြောသည်။ နိုင်ငံ၏ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၌ ၄၄ ဦး သေဆုံးမှုဖြစ်ပွားခဲ့သဖြင့် သေဆုံးမှုအများဆုံးဖြစ်သည်။
ယင်းနောက်တွင် နိုင်ငံအနောက်မြောက်ပိုင်း ခီဘာပတ်ထွန်ခွာ ပြည်နယ်၌ ၃၇ ဦး၊ နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်၌ ၁၈ ဦးနှင့် နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်၌ ၁၆ ဦး ဖြင့် သေဆုံးမှုအများဆုံးဖြစ်ကြောင်း သိရသည်။
ပန်ဂျပ်ပြည်နယ်၊ ခီဘာပတ်ထွန်ခွာပြည်နယ်နှင့် ဘာလိုချီစတန်ပြည်နယ်တို့တွင် ဇူလိုင် ၁၇ ရက်အထိတိုင်အောင် မိုးသည်းထန်စွာရွာသွန်းမှုများဆက်လက်ဖြစ်ပေါ်နိုင်သဖြင့် အင်န်ဒီအမ်အေက ရေကြီးရေလျှံဖြစ်ပွားမှု များနှင့်ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


