နေပြည်တော် ဇူလိုင် ၁၆

သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး ယာယီဝန်ထမ်းအိမ်ရာများအနီး၌ ကျင်းပသည်။

 

ဦးစွာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းက ရတနာ တန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် အရာထမ်းအမှုထမ်းများက ကျွန်းပင် ၁၁၀၊ ပိတောက်ပင် ၅၀၊ ပျဉ်းကတိုးပင် ၅၀၊ ခရေပင် ၅၀ စုစုပေါင်း ၂၆၀ ကို အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးကြသည်။

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် ခုံရုံးအဖွဲ့ဝင်များသည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး စိုက်ပျိုးပြီး သစ်ပင်များ ရှင်သန်ဖြစ်ထွန်းရေး အတွက် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ကြရန် မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ယာယီဝန်ထမ်း အိမ်ရာများတွင် နေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများကို လိုက်လံကြည့်ရှု အားပေးစကား ပြောကြားပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးယာယီရုံးတွင် ဝန်ထမ်းများ ရုံးလုပ်ငန်းများပုံမှန်ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်