နေပြည်တော်  ၁၂  မတ်  

အနာဂတ်မျိုးဆက်များ အာဟာရအဆင့်အတန်း သိသိသာသာတိုးတက်မြင့်မား စေရေးအတွက် လယ်ယာကဏ္ဍမှ အဓိကဆောင်ရွက်ရမည့် အစားအစာလုံခြုံ ဘေးကင်း ရေးနှင့် အာဟာရပြည့်မီရေး၊ သီးနှံအမယ်စုံစိုက်ပျိုးရေး၊ ဝင်ငွေတိုးတက်စေရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း တိုးတက်စေရေးတို့ကို အချိတ်အဆက် မိမိဆောင်ရွက်ရန်လိုအပ်ကြောင်း ယနေ့နံနက် ၉ နာရီက နေပြည်တော် ရုံးအမှတ် ၁၅ တွင် ကျင်းပသည့် ကျေးလက်ဒေသ အာဟာရမြှင့်တင်ပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

ယင်းနောက် ဥရောပသမဂ္ဂ  Deputy Head of Cooperation, Mr Pedro Campo Llopis က ကျေးလက်ဒေသ အာဟာရမြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။

EU-FAO မှ ပံ့ပိုးဆောင်ရွက်သော FIRST Program ၏ နည်းပညာ အထောက် အပံ့ဖြင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဆိုင်ရာ စီမံကိန်း (MS-NPAN) တွင် ထည့်သွင်းရေးဆွဲထားသော အာဟာရပြည့်မီရေးဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍  လယ်ယာကဏ္ဍမှ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်သည့် တိုင်းဒေသကြီး/ ပြည်နယ်အိမ်ထောင်စုအဆင့်နှင့် စျေးကွက်များတွင် အာဟာရ ဓါတ်ကြွယ်ဝသည့် စားသောက်ကုန်များ လက်လမ်းမီရရှိနိုင်မှုမြင့်မားလာရေး၊ ဝင်ငွေ တိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့်  အမယ်စုံစားသောက်မှုမြင့်မားလာစေရေး ၊ စားသောက်ကုန်များဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဘေးကင်းသောအစားအစာများပိုမို လက်လှမ်းမီရရှိရေးလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားဆက်စပ်ဌာနများ ၊ ဖွံဖြိုးမှု မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဥရောပသမဂ္ဂ၊ EU နည်းပညာနှင့် အထောက်အပံ့ ကူညီမှုများဆောင်ရွက်ပေးလျက်ရှိသည်။

စီမံကိန်းစောင့်ကြည့်လေ့လာခြင်းနှင့် စိစစ်သုံးသပ်ခြင်းစနစ်တရပ် စတင်ဆောင် ရွက်နိုင်ရန် My Governance Project ကတစ်ဆင့် နည်းပညာထောက်ပံ့ပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် M&E ဆိုင်ရာများထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာအကောင်အထည်ဖော်ရေး ပံ့ပိုးမှုယူနစ် ( ADSISU ) ကို နည်းပညာထောက်ပံ့နိုင်ရေးနှင့် ဘက်စုံအာဟာရပြည့်ဝရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရေးအတွက် ဥရောပသမဂ္ဂ၊ EU မှ ထောက်ပံ့ ကူညီမှု များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)