နေပြည်တော် ၁၂ မတ်
လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများအတွက် နိုင်ငံတကာဆက်ဆံ ရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းကိုယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိခန်းမဆောင်၌ ကျင်းပသည်။
စွမ်းရည်မြှင့်သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် (၈၈)ချက်အနက် (၈၇)ချက်ကို လုပ်ငန်းစဉ်များချမှတ်၍ ဆောင်ရွက်လျက်ရှိမှု၊ အဓိက ကဏ္ဍကြီး ၁၈ ခုရှိမှု ယင်း အကြံပြုချက်ကဏ္ဍများအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်ရာတွင် လက်တွေ့ မြေပြင်၌ ကြုံတွေ့နေရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပို့ချသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီအထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ ကော်မတီ၏ဖွဲ့စည်းမှု၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ ငွေစာရင်းဖွင့်လှစ်ထားရှိမှု၊ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ဆောင်ရွက် ထားရှိမှု အခြေအနေများ၊ အာဆီယံနှင့်ဒေသတွင်းနိုင်ငံများ၏ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကြုံတွေ့ရသည့် အခက်အခဲနှင့်စိန်ခေါ်မှုများ၊ ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပို့ချသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များကသိရှိလိုသည့် အချက်များကိုမေးမြန်းခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


