ဇူလိုင် ၁၈

တောင်ကိုရီးယားနိုင်ငံအလယ်ပိုင်းနှင့်တောင်ပိုင်းဒေသတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူလေးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

ဒေသစံတော်ချိန် မနက် ၆ နာရီက လေးဦးသေဆုံးပြီးတစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု ပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီးဌာနက အတည်ပြုထားသည်။

ဂျီအွန်ဂီပြည်နယ်တွင် မော်တော်ယာဉ်တစ်စီးမောင်းနှင်နေစဉ် ထိုယာဉ်ပေါ်သို့ မြေထိန်းနံရံပြိုကျမှုဖြစ်ပွားခဲ့ရာ အသက် ၄၀ အရွယ် ယာဉ်မောင်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

တောင်ပိုင်း ချောင်ချီအွန်ပြည်နယ်တွင် ယမန်နေ့အစောပိုင်းက ရေမြုပ်နေသောမော်တော်ယာဉ်အတွင်း နှလုံးရပ်သွားသော အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးကိုတွေ့ရှိခဲ့ရာ အနီးနားရှိဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားကြောင်း ဖော်ပြထားသည်။

အသက် ၈၀ အရွယ်အမျိုးသားနှစ်ဦး ယမန်နေ့က ရေကြီးရေလျှံမှုတွင် သေဆုံးခဲ့ပြီး ယမန်နေ့ညပိုင်းက တောင်ပိုင်း ဂျီအိုလာပြည်နယ်ရှိ တံတားတစ်စင်းအနီးရှိ မြစ်အတွင်း  မျောပါသွားသောအမျိုးသားတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ရာ ရှာဖွေရေးလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၅၁၉၂ ဦး ဘေးလွတ်ရာသို့ပြောင်းရွှေ့ကြပြီး ၄၅၃၁ ဦးသည် ယနေ့မနက်ပိုင်းအထိ ယာယီခိုလှုံရေးစခန်းများတွင် ဆက်လက်နေထိုင်လျက်ရှိသည်။

အစိုးရအဖွဲ့က ရာသီဉတုနှင့်ဆက်စပ်သည့်အမြင့်ဆုံးသတိပေးချက်များ ထုတ်ပြန်ထားသည်။

ရေကြီးနေသည့် လမ်းများနှင့် အဆောက်အဦများနှင့် မြစ်ကမ်းပါးများပြိုကျမှုများအပါအဝင် အများပြည်သူပိုင် ပစ္စည်း ၄၉၆ ခုနှင့် ပုဂ္ဂလိက ပိုင်ပစ္စည်း ၂၇၆ ခု ပျက်စီးခဲ့ကြောင်း  ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းတွင် ဇူလိုင် ၁၉ ရက်အထိ မိုးပိုမိုရွာသွန်းလာဖွယ်ရှိသည်ဟု မိုးလေဝသအေဂျင်စီက ခန့်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို