နေပြည်တော် ဇူလိုင် ၁၉
သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးသုတေသနဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင်လည်း ဖြစ်ပွား လေ့ရှိကြောင်း၊ မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့တွင် ဖြစ်ပွားမှု များပြားလေ့ရှိပါကြောင်း။
သွေးလွန်တုပ်ကွေး ရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်ပြန့်ပွားတတ်သည့် ရောဂါဖြစ်ပြီး ရောဂါ ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပေါ်မူတည်၍ ကူးစက်မှုနှုန်းနှင့် ပြင်းထန်မှုနှုန်း ကွာခြားမှုရှိနိုင်ကြောင်း၊ ခြင်မပေါက်ပွားနိုင်အောင် ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ ခြင်နှိမ်နင်းရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါအပြင် အခြားခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်နှိမ်နင်းနိုင်မည်ဖြစ်ကြောင်း၊ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများဖြစ်သည့် Abate (ပိုးလောက်လမ်း သေဆေး)၊ Fogging Machine (ခြင်ဆေး မှုတ်စက်)၊ သွေးလွန်တုပ်ကွေး အမြန်သွေးစစ်ကိရိယာ (RDT)၊ ကလေး သွေးပေါင်ချိန်တိုင်း ကိရိယာ (Pediatric BP Cuff) တို့ကို ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီး ဖြစ်ပါကြောင်း။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းတွင် အရေးပါသော Dengue virus serotype လေးမျိုးအား စောင့်ကြပ်ကြည့်ရှုခြင်း (Dengue Serological Surveillance) ကို အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနခွဲနှင့် ပူးပေါင်းလုပ်ဆောင် နေပါကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သော “ဖုံး၊ သွန်၊ ခပ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြှုပ်၊ ရှင်း” လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ခြင်း၊ လူနေ ရပ်ကွက်၊ ကျေးရွာများရှိ မလှယ် နိုင်၊ မသွန်နိုင်သော ရေစည်များနှင့် အုတ်ကန်များတွင် ခြင်လောက် လမ်းသေဆေး (အဘိတ်)ခတ်ခြင်း ကို ရက်သတ္တပတ် ခြောက်ပတ်လျှင်တစ်ကြိမ် စနစ်တကျ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဒေသဆိုင်ရာအာဏာပိုင် များ၏ ကူညီပံ့ပိုးမှုများဖြင့် နှီးနွှယ် ဌာန၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ နှီးနွှယ်လူမှုရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး/စီမံချက် မန်နေဂျာ (သွေးလွန်တုပ်ကွေး/ ဆင်ခြေ ထောက်) က မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုများကိုလည်း ကောင်း၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က Dengue Serological Surveilla-nce ဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက် လာကြသူများက ရန်ကုန်တိုင်း ဒေသကြီးအတွင်း သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များကို အကြံပြုညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


